လေကြောင်းတိုက်ခိုက်မှုကြောင့် Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

By 001 (မဇ္စျိမ)
29 May 2023
လေကြောင်းတိုက်ခိုက်မှုကြောင့် Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှေ့တန်းတစ်နေရာတွင် မေလ ၂၇ ရက်နေ့က Medic Unit (Demoso) မှ ဆေးတပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ကျဆုံးခဲ့ရသူများမှာ မကယ်ရိုလိုင်းခိုင်လင်း၊ မအန်ဂျလာ၊ ကိုဘော့စကိုနှင့်ကိုမြထွေးတို့ဖြစ်ပြီး ၎င်းတို့ လေးဦး၏ နာရေးအခမ်းအနားကို မေလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု KRU နှင့် Dove KK တို့မှ ထုတ်ပြန်ထားသည်။

ရဲဘော်၊ ရဲမေများသည် အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်မှ ၂၃ နှစ်အကြားလူငယ်များဖြစ်ကြပြီး တိုက်ပွဲရှေ့တန်းအတွင်း ဆေးကုသရေးပေးနေစဥ်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း KRU သတင်းပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းကပြောသည်။

“အခု ဒီဖက်ဒေသမှာတော့ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ လက်ရှိကလည်း စစ်ကောင်စီက လေကြောင်းကိုခါတိုင်းထက်ပိုပြီး တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လေယာဥ်နဲ့ ဗုံးလာကြဲတာမျိုး တွေပဲတောက်လျှောက်လုပ်နေတော့ ကိုယ့်ဖက်လည်း အထိအခိုက်တွေရှိတာပေါ့။ လေကြောင်းကို ကာကွယ်ဖို့အတွက်ကလည်း အဆင်သင့်မဖြစ်သေးဘူးပေါ့။ ကြိုးတော့ ကြိုးစားနေကြတယ်ပေါ့။ KNDF ဆိုလည်းကြိုးစားနေတာပေါ့။ ကရင်နီပွိုင့်ဖိုက်ဆိုတဲ့ပရောဂျက်တွေ၊ ဒါတွေ မြန်မြန်အောင်ဖို့လည်း လိုတယ်ပေါ့။ လေကြောင်းကို ကျွန်တော်တို့ အန်တုနိုင်မှသာလျှင် အဆင်ပြေမယ့် အနေအထားပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ ရဲဘော်၊ ရဲမေ လေးဦးမှာ Dove KK ၏ ဆေးသင်တန်းအမှတ်စဥ် (၂) တွင် ဆေးတပ်သားအဖြစ် တက်ကြွစွာပါဝင်ခဲ့ပြီး ရှေ့တန်းမြေပြင်တွင်သာမကစစ်ရှောင်စခန်းများတွင်လည်း လိုအပ်သကဲ့သို့ ကူညီ ပေးနေသူများဖြစ်ကြကြောင်း Dove KK မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ လေကြောင်းအသုံးပြု တိုက် ခိုက်မှု ၁,၄၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကရင်၊ စစ်ကိုင်းနှင့် ကရင်နီဒေသများကို အများဆုံး တိုက်ခိုက်ခဲ့ကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့ကလည်း မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly