စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများက ‘ဖြတ် ၄ ဖြတ်’ နည်းနာနှင့် ဆက်စပ်နေ

By Pan Pan/ မဇ္ဈိမ
28 May 2023
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများက ‘ဖြတ် ၄ ဖြတ်’ နည်းနာနှင့် ဆက်စပ်နေ

အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုနေခြင်း၏ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့အနေဖြင့် ရိက္ခာ၊ ရန်ပုံငွေ၊ ထောက်လှမ်းရေးသတင်းနှင့် လူသစ်စုဆောင်းမှု ဖြတ်တောက်ခြင်းတို့ ပါဝင်သည့် စစ်တပ်၏ “ဖြတ် လေးဖြတ်” နည်းနာကို အကောင်အထည်ဖော်လိုနေခြင်းဖြစ်သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ သုတေသီနှင့် နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သည့် ကိုမိုးထက်နေက ပြောသည်။

နိုင်ငံတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုသည် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၁,၄၂၇ ခု လုပ်ဆောင်ထားခဲ့သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဖော်ပြသည်။

“တော်လှန်ရေး အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ ရွာသားတွေ ရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တမင် ပစ်မှတ်ထားတိုက်ခိုက်နေတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ အထူးသဖြင့်တော့ စစ်တပ်က ဖြတ်လေးဖြတ် ဗျူဟာကို အသုံးပြုနေတာကို ကျွန်တော် မြင်နေရတယ်” ဟု ကိုမိုးထက်နေက မဇ္ဈိမကို ပြောသည်။

“တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ နေရာတွေ ပစ်မှတ်ထားခံရရုံတင်မကဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ဧရိယာတွေလည်း ဗုံးကြဲ တိုက်ခိုက်ခံရတဲ့အတွက် အရပ်သားပြည်သူတွေ သူတို့တွေရဲ့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးကြရတာ၊ စားနပ်ရိက္ခာတွေ ပျက်စီးဆုံးရှုံးတာတွေကို ဖြစ်စေပါတယ်။ ဆိုတော့ သူတို့ဟာ ဖြတ်လေးဖြတ် ဗျူဟာကို အကောင်အထည်ဖော်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို အသုံးပြုနေတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှု အကြိမ် အရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၁၅၃ ၊ ၂၀၂၂ တွင် ၈၂၀ နှင့် ၂၀၂၃ ပထမလေးလတွင် ၄၅၄ အထိ မြင့်တက်ထားခဲ့ပြီး နှစ်နှစ်ကျော်တာကာလအတွင်း အရပ်သားပြည်သူ ၆၃၄ ဦးအထိ အသက်ဆုံးရှုံးခဲ့ရကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ မေလ ၂၂ ရက် ထုတ် သုတေသနတစ်ရပ်အရ သိရသည်။

“ပင်မ မီဒီယာတွေ အပါအဝင် ပြည်တွင်း သတင်းဌာန ၄၂ ခု ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းစာမျက်နှာတွေ၊ ယုံကြည်စိတ်ချရတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေ အပါအဝင် ရင်းမြစ် ၁,၃၀၀ ဆီကနေ ဒီကိန်းဂဏန်းတွေကို ပြုစုရရှိခဲ့ပါတယ်။ ဒါ့အပြင် စုဆောင်းရရှိတဲ့ သတင်းအချက်အလက်တွေကို စစ်ထုတ်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေလည်း လုပ်ခဲ့ပါတယ်” ဟု ကိုမိုးထက်နေက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားခံရသည့် ပြည်နယ်နှင့် တိုင်းများထဲတွင် ကရင်ပြည်နယ်က ဖြစ်စဉ် ၃၂၂ ခုနှင့်အတူ တိုက်ခိုက်မှု အကြိမ်ရေအများဆုံးကို တွေ့ကြုံခဲ့သည်။ ယင်းနောက်တွင် ဖြစ်စဉ် ၂၉၅ ခုဖြင့် စစ်ကိုင်တိုင်းက ရှိနေသည်။

ကန့်ဘလူမြို့သည် ဖြစ်စဉ် ၁၈၈ ခုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုဒဏ် အများဆုံးခံရသည့် မြို့ ဖြစ်သည်။ မြဝတီသည် ဖြစ်စဉ် ၁၆၄ ခုနှင့် ဒုတိယနေရာတွင် ရှိနေပြီး ဒီမောဆိုမြို့က ဖြစ်စဉ် ၁၀၉ ခုဖြင့် တတိယနေရာတွင် ရှိနေသည်။

“စစ်တပ်ဟာ သူတို့ အသာစီးရဖို့ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အသုံးပြုနေခဲ့တာဖြစ်တယ်။ ၂၀၂၁ မတိုင်မီကတည်းက သူတို့ဟာ တော်လှန်ရေး တပ်ဖွဲ့တွေ (EAOs) တွေအပေါ် မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုထားခဲ့တယ်။ နောက်ကွယ်က သူတို့ရဲ့ အကြောင်းပြချက်ကတော့ သူတို့ဘက်က သေကျေ၊ ဒဏ်ရာရမှုတွေကို နည်းစေအောင်လို့ ကျွန်တော် ထင်တယ်။ နောက်တစ်ခုက သူတို့ရဲ့ စစ်သားတွေကို လေကြောင်း ပို့ဆောင်မှုနဲ့ မြန်မြန်ဆန်ဆန် ဖြန့်ကျက်နိုင်တာကြောင့် ဖြစ်တယ်။ သူတို့မှာ တစ်ပန်းသာမှု ရှိတယ်လို့ သူတို့ထင်တယ်။ စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်တွေကို ပိုလုပ်လာနေချိန်မှာ တော်လှန်ရေး တပ်ဖွဲ့တွေဟာ ပိုအားကောင်းသထက် အားကောင်းလာနေတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်” ဟု ကိုမိုးထက်နေက ပြောသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားများကို ပစ်မှတ်ထားခြင်း မရှိဟု ငြင်းဆန်သည်။ တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်ကောင်စီထံ လေယာဉ်ဆီနှင့် လက်နက်များ မရောင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူများက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလျက် ရှိသည်။

Myanmar junta's airstrikes linked to ‘four-cuts’ strategy
https://www.mizzima.com/article/myanmar-juntas-airstrikes-linked-four-cu...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly