မူးယစ်ဆေးဝါး ဝင်ရောက်မှုကို စစ်ဆေးရန် မြန်မာနှင့်နယ်စပ် လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်

မူးယစ်ဆေးဝါး ဝင်ရောက်မှုကို စစ်ဆေးရန် မြန်မာနှင့်နယ်စပ် လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးကာကွယ်ရန် မြန်မာနှင့်နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးကို တိုးမြှင့်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒက်ဇာမန် ခန်း ကာမဲလ်က မေလ ၂၃ ရက်တွင် ပြောသည်။

“မြန်မာနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးကို အားကောင်းအောင် ကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါမှလည်း မူးယစ်ဆေးဝါးတွေ ကျွန်တော်တို့နိုင်ငံထဲ ဝင်မလာနိုင်မှာဖြစ်တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းခန်းမ၌ အတင်းအကျပ် နေရပ်စွန့်ခွာရသူ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ချိတ်ဆက်ညှိနှိုင်းမှု၊ စီမံခန့်ခွဲမှုနှင့် တရားဥပဒေစိုးမိုးမှုဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတစ်ခု၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ရိုဟင်ဂျာ ကမ့်စခန်းများ၌ သေကျေ ဒဏ်ရာရမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက် ရှိပြီး ရိုဟင်ဂျာများ၏ ယုတ်မာသော အားထုတ်မှုများ တိုးမြင့်ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ကမ့်စခန်းများအတွင်း ဒုက္ခပေးသည့် မည်သည့်လုပ်ရပ်ကိုမှ ရိုဟင်ဂျာ အကြမ်းဖက်သမားများ မကျူးလွန်နိုင်စေရေးအတွက် ဥပဒေစိုးမိုးရေး အေဂျင်စီများ၏ ကင်းလှည့်မှုများ၊ စစ်ဆေးရေးဂိတ်များနှင့် ထောက်လှမ်းရေး လုပ်ဆောင်ချက်များကို တိုးမြှင့်သွားရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်းအချက်အလက်များအပေါ် မူတည်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို လုပ်ဆောင်မည်ဟုလည်း ကာမဲလ်က ပြောသည်။ “အာဆာနဲ့ ရက္ခိုင့်တပ်တော်တို့ကနေ ဘယ်သူမှ ရိုဟင်ဂျာစခန်းတွေထဲ မဝင်ရောက်နိုင်စေဖို့ အစီအမံလုပ်ဆောင်ချက်တွေ မိမိတို့ လုပ်ဆောင်သွားပါမယ်”

ရိုဟင်ဂျာ စခန်းများတွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ရှာဖွေရန် အကြီးစား စစ်ဆင်ရေးတစ်ရပ်ကိုလည်း လုပ်ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောသည်။

နယ်စပ် ဧရိယာများတွင် ပိုမို နိုးနိုးကြားကြား ရှိစေရေး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ကိုလည်း ညွှန်ကြားမည်ဟု ၎င်းက ပြောသည်။နောက်ထပ် မြန်မာနိုင်ငံသားများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်မလာနိုင်စေရေးအတွက် မြန်မာနှင့် နယ်စပ်တွင် BGB ကို အားကောင်းအောင် ဖြည့်တင်းလုပ်ဆောင်မည်ဟုလည်း ၎င်းက ပြောသည်။

Security is being strengthened on Myanmar border to check drug intrusion: Home Minister
https://www.bssnews.net/news-flash/126985
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly