စစ်ကိုင်းတွင် ပျူ‌စောထီးဆိုသူ သုံးယောက်အား ဝင်ဖမ်းစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်း

By 007 (မဇ္စျိမ)
21 May 2023
စစ်ကိုင်းတွင် ပျူ‌စောထီးဆိုသူ သုံးယောက်အား ဝင်ဖမ်းစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းမြို့၊ ညောင်ဇင်ကျေးရွာတွင် ပျူစောထီးဆိုသူ လင်မယားနှင့် မောင်ဖြစ်သူတို့ကို ဒေသကာကွယ်ရေးပြောက်ကျားများက ၀င်ဖမ်းစဥ် ခုခံထွက်ပြေးသဖြင့်  ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု UNICorn ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

မေလ ၁၈ ရက် ည ၁၁ နာရီခန့် က  ညောင်ဇင်ကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုံးဦးလုံး ပွဲချင်းပြီးသေဆုံးကြောင်း သိရသည်။ သေဆုံးသွားသူများမှာ ဦးမြင့်ဇော်၊ ဒေါ်သက်သက်မာနှင့် ဒေါ်သက်သက်မာ၏ မောင်ဖြစ်သူ ကိုကျော်ဇော၀င်း(ခ)မဲလုံးဖြစ်သည်။

“ အရှင်ဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူဖို့ သွားရောက်ဖမ်းဆီးစဥ် ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီ အလိုကျ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေသူတွေပါ”ဟု
 UNICorn ပြောက်ကျားတပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။

၎င်းတို့သည် စစ်ကိုင်းတပ်မ (၃၃) ကိုငွေပေးပြီး ရွာသူ၊ ရွာသားများကို ဖမ်းခိုင်းခြင်း၊ CDM ၀န်ထမ်းများအား ဖိနှိပ်ခြင်း၊ PDF တပ်ဖွဲ့လှုပ်ရှားမှုကို သတင်းပေးခြင်းနှင့် အခြေအနေမဲ့ ကလေးသူငယ်များကို မိုင်းရှာခိုင်းခြင်း စသည့်ပြစ်မှုများကျူးလွန်သည်ဟု ပြည်သူများ၏ တိုင်တန်းချက်ကို လက်ခံရရှိထားကြောင်း ၎င်းကဆိုသည်။ 

ထိုပြင် ၎င်းတို့သုံးဦးထံမှ  သိမ်းဆည်းရရှိသောဖုန်းတွင်  အမှတ် (၁၆) ရဲသင်တန်းကျောင်းနှင့်ဆက်သွယ်ထားသော ဖုန်းနံပါတ် နှင့် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ယောက်၏ ဖုန်းနံပါတ် ကို တွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးမှုကို UNIcorn ပြောက်ကျားတပ်ဖွဲ့နှင့် Phoenix SGG တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။

UNICorn ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များသည် ထိုနေ့ မွန်းလွဲပိုင်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ညောင်ငုတ်တိုကျေးရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ပျူစောထီးအများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly