ခင်ဦးမြို့နယ် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်မီးရှို့သဖြင့် နေအိမ် ၁၇၂ လုံး မီးလောင် ပျက်စီး

By MTO (မဇ္ဈိမ)
21 May 2023
ခင်ဦးမြို့နယ် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်မီးရှို့သဖြင့် နေအိမ် ၁၇၂ လုံး မီးလောင် ပျက်စီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့သည့်အတွက် နေအိမ် ၁၇၂ လုံး မီလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး၏ ရုပ်အလောင်း တွေများလည်း မီးရှို့ထားခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၉ ရက်နေ့ ညနေ့ပိုင်းတွင်ကံသစ်ကျေးရွာသို့ဝင်ရောက်ခဲ့ပြီး မေလ ၂၀ ရက်နေ့နံနက်ပိုင်းအထိ နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

“ကံသစ်ထဲကို ရောက်တဲ့အချိန်မှာ သူတို့ တိုက်မိုင်းတွေမိတယ်။

အထိနာသွားတော့ ပြည်သူတွေရဲ့အိမ်တွေကို မီးပိုရှို့သွားတာ။ နောက်ပြီးတော့ တာယာကွင်းတွေနဲ့ အမိန့်ပြန်တမ်းနဲ့စနစ်တကျမီးရှို့ထားခဲ့တဲ့ အရိုးစုလေးခုတွေ့တယ်” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် ကံသာကုန်း၊ လိပ်ရကုန်းစသည့်ကျေးရွာများကိုမီးရှို့ခဲ့ပြီး မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင်အောင်ချမ်းသာရွာ(မကျီးတုံကုန်း)၌ နေအိမ်သုံးလုံး၊ ကံသစ်ကျေးရွာ၌ နေအိမ် ၁၇၂လုံးအားမီးရှို့ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင်ရေဦးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရ သည်။

ရေဦးမြို့သို့ထွက်ခွာသွားချိန်တွင်လည်း ရေဦး-ခင်ဦးလမ်းတစ်လျှောက်လမ်းဘေးဝဲယာများကို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်သွားကြောင်း ဒေသခံများကပြောသည်။

ကံသစ်ကျေးရွာသည် သုံးကြိမ်မြောက်မီးရှို့ရခြင်းဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required