ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် အရက်နှင့်ဘီယာများကို အများရှေ့၌ ဖျက်ဆီး

By MTO (မဇ္ဈိမ)
21 May 2023
ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် အရက်နှင့်ဘီယာများကို အများရှေ့၌ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းစစ်ဆေးမှုများပြုလုပ်စဥ် စစ်တပ်ထုတ်ကုန်များဖြစ်သည့် အရက်ဘီယာများဖမ်းဆီးရမိ၍အများ ရှေ့တွင် ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

မေလ ၂၀ ရက်က ခင်ဦးမြို့နယ်လမ်းပိုင်းတစ်နေရာတွင် စစ်တပ်ထုတ်ကုန် Dagon တံဆိပ် အရက် ဘီယာ များသယ်ဆောင်လာသည့် ကားသုံးစီးကို စစ်ဆေးတွေ့ရှိခဲ့ရာ ဖမ်းဆီး၍မှတ်တမ်းနှင့်တကွ ဖျက်ဆီးခဲ့ သည်ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့မြို့နယ်အတွင်းမှာ ဘယ်လမ်းပိုင်းမှာမဆို စစ်တပ်ထုတ်ကုန်မှန်သမျှကို တားဆီးနေတာပါ။ မကြာခဏတားဆီးတာမျိုးတွေရှိပါတယ်။ တန်ဖိုးနည်းရင်တော့ ထုတ်ပြန်လေ့မရှိဘူး။ အခုလိုတန်ဖိုးများ တဲ့ ပစ္စည်းပမာဏဆိုရင်တော့ ထုတ်ပြောတာပါ။ ဒါနဲ့ဆို တန်ဖိုးများတဲ့ပမာဏ ဖမ်းဆီးမိတာ နှစ်ကြိမ်ရှိပြီ။ အကြိမ်တိုင်းမှာ သယ်ဆောင်လာတဲ့ကားသမားတွေကိုသတိပေးစကားပြောလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ စစ်တပ်ထုတ် ဘီယာ ဂျပ်ဖာပေါင်း ၅၄၀ ၊ ဗူးပေါင်း ၁၁၀၄၀ ၊ ပုလင်းပေါင်း ၇၈၀ ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၄၂,၈၄၀,၀၀၀ (သိန်းလေးရာနှစ်ဆယ့်ရှိသိန်းလေးသောင်း) တန်းဖိုး ရှိကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိဆိုင်များတွင် စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ ဆေးလိပ်များ ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းများ လုပ်ဆောင်ထားကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒေသန္တရအမိန့်ထုတ်ပြီး စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်ဘီယာတံဆိပ်တွေကို မိတ္တူဆွဲပြီး ဝေထား တယ်။ အဲဒီတံဆိပ်ထုတ်ကုန်တွေ မရောင်းချဖို့တားမြစ်ထားတယ်။ တကယ်လို့များ ရောင်းချလို့ရှိရင် စစ်ဆေးမှုတွေ လုပ်တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီထုတ်ပစ္စည်များမှ အမြတ်အစွန်းငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစု များ၏အသက်အိုးအိမ်စည်းစိမ်များကို ပျက်စီးစေနိုင်သည့်လုပ်ရပ်များကို ဖြစ်စေနိုင်သည့်အတွက် စစ်တပ် ထုတ်ကုန်များကို အသုံးမပြုကြရန်လည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly