လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၏ ဗဟိုချက်အဖြစ် မြန်မာနိုင်ငံက နာမည်ဆိုး ထွက်လာ

လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၏ ဗဟိုချက်အဖြစ် မြန်မာနိုင်ငံက နာမည်ဆိုး ထွက်လာ

ယခုလအတွင်း၌ အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် အင်ဒိုနီးရှားမှ မြန်မာသို့ လူကုန်ကူးမှု၏ နောက်ကွယ်မှ သံသယရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိသည်။

မြန်မာနိုင်ငံတွင် အလုပ်ခန့်အပ်မည်ဟု လိမ်လည်ကတိပေးကာ ဖြားယောင်းခံရသူ ၂၀ မှ သတင်းအချက်အလက်များကို ရဲတပ်ဖွဲ့က စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖြားယောင်းခံရသူများသည် အွန်လိုင်းလိမ်လည်မှုများအတွက် အတင်းအကျပ် ခိုင်းစေခြင်း ခံခဲ့ကြရသည်။

နောက်ထပ် တစ်မှုတွင် ဖိလစ်ပိုင်နိုင်ငံသား ခြောက်ဦးက သူတို့သည် မြန်မာနိုင်ငံဆီ လူကုန်ကူးခံရပြီး ဒီဂျစ်တယ်ငွေကြေး လိမ်လည်သူများအဖြစ် လုပ်ကိုင်ရကြောင်း ထွက်ဆိုကြသည်။ နောက်ပိုင်း၌ ၎င်းတို့သည် ရာဇဝတ်မှု တိုင်ကြားချက်ဖြင့် ၎င်းတို့အား ခေါ်ယူသွားခဲ့ကြသူများကို အမှုဖွင့်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံက တစ်ဒါဇင်ကျော်သည့် ရာဇဝတ်မှုဇုန်များတွင် “လုပ်ငန်းကြီးသဖွယ်” လူကုန်ကူးခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်နေကြကြောင်း ပြီးခဲ့သည့်နှစ်၌ United States Institute of Peace က ထုတ်ပြန်သည်။ အချို့သော လူကုန်ကူးသူများသည် ရုံးလုပ်ငန်း အလုပ်အကိုင် ရရှိမည်ဟု လူမှုမီဒီယာ ကြော်ငြာများမှတစ်ဆင့် ဖြားယောင်းသွေးဆောင်ကြပြီး ရရှိသူများကို နယ်စပ်ကို တရားမဝင်ဖြတ်ကာ မြန်မာနိုင်ငံရှိ “လိမ်လည်မှုဇုန်” သို့ ပို့ဆောင်ကြခြင်း ဖြစ်သည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ထိုသို့ ဖြားယောင်းခံရသူများကို “ပို့ဆောင်ရာ နိုင်ငံများ” ဖြစ်လာကြောင်း ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM အရ သိရသည်။ ဒေသတွင်း၌ အင်တာနက်ပေါ်မှ လိမ်လည်မှုများ ကြီးထွားလာနေကြောင်းလည်း နိုင်ငံတကာက တပ်လှန့်ထားသည်။

ပြီးခဲ့သည့်နှစ်၌ အင်ဒိုနီးရှားသည် မြန်မာနှင့် ကမ္ဘောဒီးယားတို့၌ အွန်လိုင်းလိမ်လည်မှုများတွင် လုပ်ကိုင်နေရသော ၎င်းတို့၏ နိုင်ငံသား တစ်ထောင်ကျော်ကို ကယ်တင်ခဲ့ရသည်။

ဖိလစ်ပိုင်ကလည်း နိုင်ငံတွင်း လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်မှုများတွင် အတင်းအကျပ် ခိုင်းစေခံရသည့် အာရှနိုင်ငံအချို့မှ နိုင်ငံသား တစ်ထောင်ကျော်ကို မကြာသေးခင်က ကယ်တင်ခဲ့သည်။

ဖြားယောင်းစေခိုင်းခံရသူများသည် ၎င်းတို့၏ နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း အကန့်အသတ်ရှိသော အလယ်အလတ်တန်း ပညာတတ်များ ဖြစ်ကြသည်ဟု IOM မှ အာရှ ပစိဖိတ်ဆိုင်ရာ ဒေသပြောဆိုခွင့်ရှိသူ အီတာယီ ဗီရီရီက ပြောသည်.

လိမ်လည်မှုများတွင် အွန်လိုင်းလောင်းကစား၊ ဒီဂျစ်တယ်ငွေကြေး၊ အွန်လိုင်းငွေချေးငှားမှုနှင့် အွန်လိုင်းချိန်းချက်ခြင်းများ ပါဝင်ကြောင်း ဗီရီရီက ဆိုသည်။

၂၀၂၁ ၌ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံသည် ရာဇဝတ်အုပ်စုများ၏ ၎င်းတို့၏ လူကုန်ကူးမှုနှင့် လိမ်လည်မှုများ ဆောင်ရွက်ရန် သဘောကျနှစ်သက်သော နေရာဖြစ်လာခဲ့သည်။ အကျင့်ပျက်သော နယ်ခြားစောင့် တာဝန်ရှိသူများကလည်း လာဘ်ယူပြီး လူကုန်ကူးမှုများကို မျက်စိမှိတ်ထားကြသည်။

တစ်ခုသော ပြဿနာပွေသည့် နယ်မြေဧရိယာမှာ ရွှေကုက္ကိုမြို့သစ်ပဲ ဖြစ်သည်။ ကရင်ပြည်နယ်အတွင်းက ယင်းမြို့သစ်စီမံကိန်းသည် တရုတ်၏ ခါးပတ်နှင့် လမ်းပိုင်း စီမံကိန်းကြီး BRI ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၇ မှ ၂၀၂၀ အထိ ဖော်ဆောင်နေခြင်းဖြစ်သည်။ သို့ရာတွင် NLD အစိုးရက ယင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်။ အကျိုးဆက်အားဖြင့် ထိုင်းနိုင်ငံက ရွှေကုက္ကိုသို့ လျှပ်စစ်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေခြင်းကို ဖြတ်တောက်လိုက်ရာ ၂၀၂၁ မတိုင်မီ စီမံကိန်းသည် တန့်ရပ်သွားသည်။

သို့ရာတွင် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်အာဏာသိမ်းပြီး သီတင်းနှစ်ပတ်အတွင်းမှာပင် ထိုင်းဘက်က လျှပ်စစ်နှင့် အင်တာနက် ပြန်ပေးခြင်းနှင့်အတူ စီမံကိန်းကို ချက်ချင်းပြန်စသည်။

တရားမဝင်နယ်စပ်၌ နိုင်ငံသားများ ဖမ်းမိခြင်းနှင့် ပတ်သက်ပြီး တရုတ်ရော၊ အာဆီယံကပါ စိုးရိမ်ပူပန်ကြောင်း အသံလွှင့်ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gan သည် မြန်မာနိုင်ငံသို့ မေ ၂ ရက်က လာရောက်ကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေတွေ့ဆုံသည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများကို ဖြိုခွင်းရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် နေပြည်တော် ခရီးစဉ်အတွင်း Qin Gang က တိုက်တွန်းခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်မှုများတွင် နိုင်ငံအချို့မှ နိုင်ငံသားများ ဖြားယောင်းခံနေရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း၌ ဖိလစ်ပိုင်နိုင်ငံသား ၁၂ ဦးသည် ထိုင်းတွင် အလုပ်ရမည်ဟု ဖြားယောင်းခံရကာ နောက်ဆုံး၌ ဒီဂျစ်တယ်ငွေကြေး လိမ်လည်သူများအဖြစ် လုပ်ကိုင်ရန် ရွှေကုက္ကိုရှိ တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုသို့ လူကုန်ကူးခံခဲ့ရသည်။

ဂျကာတာ၌ ယခုလအတွင်း ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း လူစုဆောင်ရန်နှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ရန် လူမှုမီဒီယာနှင့် အခြား အွန်လိုင်းပလက်ဖောင်းများကို သုံးပြီး ရာဇဝတ်မှုများ ထူပြောလာခြင်းကြောင့် လူကုန်ကူးမှုများကို တင်းတင်းကြပ်ကြပ် အရေးယူသွားရန် အဖွဲ့ဝင်နိုင်ငံများက စိတ်ပိုင်းဖြတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly