မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ပြည်သူ ၃ ဒသမ ၂ သန်း အကူအညီ လိုအပ်နေဟု ယူနီဆက်ဖ် ပြော

မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ပြည်သူ ၃ ဒသမ ၂ သန်း အကူအညီ လိုအပ်နေဟု ယူနီဆက်ဖ် ပြော
A Rohingya woman washes dishes near her damaged house at the Thae Chaung Muslim internally displaced people (IDPs) camp near Sittwe, Rakhine State, Myanmar, 17 May 2023. Photo: EPA

မေ ၁၄ ရက်က ရခိုင်ပြည်နယ်ဆီ ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ နောက်ပိုင်း၌ ပြည်သူ ၃ ဒသမ ၂ သန်းသည် အလွန်တရာ ခုခံအားနည်းပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်နေဖွယ် ရှိကြောင်း မေ ၁၇ ရက်က ထုတ်ပြန်သည့် ယူနီဆက်ဖ်၏ မြန်မာ လူသားချင်း စာနာထောက်ထားရေး အခြေအနေ အစီရင်ခံစာအရ သိရသည်။

ရခိုင်နှင့် နိုင်ငံ၏ အနောက်မြောက်နယ်မြေများတစ်လျှောက် သက်ရောက်ခဲ့သည့် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း၏ လမ်းကြောင်းတွင် ခန့်မှန်းပြည်သူ ၅ ဒသမ ၄ သန်း ရှိသည်။

မုန်တိုင်းကြောင့် လှိုင်းကြီးခြင်း၊ ေမြပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းများကြောင့် ရေအရင်းအမြစ်များ ညစ်ညမ်းကြောင်း အဆိုပါ အစီရင်ခံစာ၌ ဆိုထားသည်။ ဆိုင်ကလုန်းသက်ရောက်ရာ ဧရိယာများတွင် ပြည်သူများက သောက်သုံးရေ၊ ခိုလှုံနေရာ၊ ကျန်းမာရေးနှင့် အစားအစာများ လိုအပ်နေပြီး ဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများ အဆင်မပြေသေးပေ။

ထို့အပြင် နိုင်ငံ၏ အနောက်မြောက်ဘက် ဧရိယာများမှ ပြည်သူများသည် လူသားချင်း စာနာထောက်ထားရေး အကူအညီနှင့် သတင်းအချက်အလက်များ ရရှိမှု နည်းပါးနေသည်။ ပခုက္ကူ၊ ဆိတ်ဖြူ၊ စလင်း၊ ရေစကြို၊ ပေါက်၊ မြိုင်၊ ဆောနှင့် ဂန့်ဂေါမြို့နယ်များတွင် အဓိက မီးလိုင်းများ ပျက်စီးသည်။

ရခိုင်ပြည်နယ်က စာသင်ကျောင်း အခြေခံအဆောက်အအုံများ၏ ခန့်မှန်း ၈၀ ရာခိုင်နှုန်းသည် အမိုးများ လန်ခြင်း၊ ပျက်စီးခြင်းနှင့် နံရံများ ပြိုကျခြင်းတို့ဖြင့် တစ်စိတ်တစ်ပိုင်း သို့မဟုတ် တော်တော်များများ ပျက်စီးကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။ ထိုသို့ ပျက်စီးခြင်းအတွက် ရခိုင်တွင် ယခင် စီစဉ်ထားသကဲ့သို့ စာသင်ကျောင်းများ ဇွန်လအတွင်း ပြန်ဖွင့်နိုင်ဖို့ မရှိပေ။

အိုးအိမ်များမှ ရွှေ့ပြောင်းကာ ပြည်တွင်း ရွှေ့ပြောင်းသူများ ခိုလှုံရာ စခန်းများတွင် နေထိုင်နေရသူများအနေဖြင့် ဆိုင်ကလုန်းကြောင့် ၎င်းတို့ နေထိုင်နေရာ ခိုလှုံရေးစခန်းများ ပျက်စီးရသဖြင့် နေအိမ်များသို့ ပြန်ကြရန် ဖိအားပေးခံရဖွယ် ရှိသည်ကို စိုးရိမ်ပူပန်ကြောင်း ယူနီဆက်ဖ် အစီရင်ခံစာ၌ အလေးထား ဖော်ပြထားသည်။

ဆိုင်ကလုန်း မိုခါသည် ၁၀ နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ အားအကောင်းဆုံး မုန်တိုင်းဖြစ်သည်။

https://www.mizzima.com/article/unicef-32-m-people-need-humanitarian-aid...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required