မိုခါမုန်တိုင်းကြောင့် ရသေ့တောင်တွင် လူ ၁၄ ဦးသေဆုံး

By ဂျူချန်း (မဇ္ဈိမ)
19 May 2023
မိုခါမုန်တိုင်းကြောင့် ရသေ့တောင်တွင် လူ ၁၄ ဦးသေဆုံး

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ကျေးရွာနှင့် ပေါက်တောပြင်ကျေးရွာတို့မှ ၁၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၄ ရက်နေ့တွင် ဒုံးပိုက်ကျေးရွာ ဓမ္မာရုံအတွင်း လေဘေးခိုလှုံနေကြစဉ် ဓမ္မာရုံအဆောက်အဦး ပြို ကျမှုကြောင့် အသက် (၇)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးကိုးဦး၊ အမျိုးသားလေးဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရသည်။

ထိုနေ့၌ပင် ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ရွာတွင် လေပြင်းတိုက်ကာလဲကျလာသည့် သစ်ပင်ပိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

“ ဘုန်းကြီးကျောင်းမှာလေဘေးခိုလှုံရင်း အဆောက်ဦးပိပြီးသေတယ်။ ကျားလေးယောက်၊ မကိုးယောက်။ ရသေ့တောင်မြို့နယ်ထဲကပဲ ပေါက်တောပြင်ရွာမှာ တစ်ဦးသေတယ်။ သစ်ပင်ပိလို့သေတာ” ဟု လေဘေး ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ကိုဝေဟင်အောင်က မဇ္ဈိမသို့အတည်ပြု ပြော ကြားသည်။

မိုခါမုန်တိုင်း၏ အားအလွန်ပြင်းသည့်လေတိုက်နှုန်းကြောင့် ရသေ့တောင်မြို့နယ်ရှိ ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းနှင့်လူနေအိမ်အားလုံးနီးပါးပျက်စီးခဲ့ရကာ လက်ရှိအချိန်တွင် နေအိမ် ပျက်စီးခဲ့သည့် ပြည်သူများမှာ နံရံအကာမရှိသဖြင့် မြောင်းတူးကာတုတ်တန်းအပေါ်တွင် မိုးကာစအုပ်ကာ မိုးခိုနေရကြောင်း သိရသည်။

အထက်ပါ သေဆုံးစာရင်းသည် မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိရရှိထားသော အချက်အလက်များ သာဖြစ်ပြီး နောက်ဆက်တွဲကို မဇ္ဈိမအနေဖြင့် ထပ်မံစုံစမ်းနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန် ကြီးဌာနကလည်း  မိုခါမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၄၅၅ ဦး သေဆုံးခဲ့ကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly