ဆန်နှင့် စပါးသိုလှောင်မှု မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ ထုတ်ပြန်

By မင်းထက် (မဇ္စျိမ)
19 May 2023
ဆန်နှင့် စပါးသိုလှောင်မှု မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ ထုတ်ပြန်

ဆန်အိတ် ၁,၀၀၀ တစ်နည်းအားဖြင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ဆန်စပါးလုပ်ကိုင်နေသူများအနေဖြင့် ဝန်ထုပ်ဝန်ပိုးနှင့် အန္တရာယ်မဖြစ်စေဘဲ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ အမြတ်များများရလိုမှုဖြင့် ရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန်အတွက်လည်းကောင်း ဆန်စပါးသိုလှောင်မှုအခြေအနေအား စနစ်တကျဆောင်ရွက်နိုင်ရန် ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့ပြီးကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော် ကြာမြင့်လာပြီးနောက် ဆန်နှင့် စပါးစျေး နှစ်ဆကျော်ခန့် ခုန်တက်သွားသည့်အချိန်၌ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်အာဏာမသိမ်းမီက ကောက်ကလေး၊ မနောသုခ ၊ဆင်းသုခ စသည့် ကောက်ကြမ်းစပါးများမှာ စပါးတင်းတစ်ရာလျှင် ရှစ်သိန်းဝန်းကျင်ခန့် စျေးပေါက်ခဲ့ပြီး၊ ဧရာဝတီပေါ်ဆန်း စပါးတင်းတစ်ရာလျှင်  ၁၂ သိန်း၊ ဖျာပုံပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ၁၅ သိန်းဝန်းကျင်ခန့် စျေးပေါက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ကောက်ကြမ်းစပါး တင်းတစ်ရာလျှင် ၁၉ သိန်းခန့်စျေးပေါက်နေပြီး၊  ဧရာဝတီပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ၂၆ သိန်း၊ ဖျာပုံပေါ်ဆန်း တင်းတစ်ရာလျှင် ၂၉ သိန်းခန့် စျေးပေါက်နေသည်ဟု ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားတစ်ဦးကပြောသည်။

"စပါးအများကြီး သိုလှောင်ရင် မှတ်ပုံတင်ခိုင်းတယ်ဆိုတာ လက်ရှိ ဒုက္ခရောက်နေတဲ့ လယ်သမားတွေအတွက် ဘာမှမထိရောက်ပါဘူး။ အဖက်ဖက်က တက်နေတဲ့ စျေးနှုန်းကိုမချနိုင်ရင် အားလုံးဆက်ပြီး ဒုက္ခရောက်ဦးမှာပါပဲ။ အာဏာမသိမ်းခင်က စပါးစျေး၊ အလုပ်သမားခ၊ ဓာတ်မြေသြဇာစျေး၊ ဒီဇယ်စျေးတွေနဲ့ အခုနဲ့က အကုန်လုံး နှစ်ဆလောက်ကွာသွားပြီ။ သွင်းအားစု စျေးတွေကို မချနိုင်ဘဲ ပေါက်ကရလုပ်နေရင်တော့ ကြာရင်လယ်သမားတွေမွဲဖို့ပဲရှိတယ်"ဟု ၎င်းကဆိုသည်။

သွင်းအားစု စျေးများမြင့်တက်လာသည့်အတွက် လယ်တစ်ဧက စိုက်ပျိုးမည်ဆိုလျှင် ထွန်ယက်ခ ရှစ်သောင်းကျပ်၊ မျိုးစပါးဝယ်ယူရန်ကုန်ကျငွေ လေးသောင်းကျပ်၊ စိုက်ပျိုးစရိတ်  သုံးသောင်းကျပ်၊ ဓာတ်မြေသြဇာဝယ်ယူရန်ကုန်ကျငွေ  ၂၅၀,၀၀၀ ကျပ်၊ ပိုးသတ်ဆေးဝယ်ယူရန် ကုန်ကျငွေ ငါးသောင်းကျပ်၊ ကောက်ရိတ်သိမ်းစရိတ် တစ်သိန်းကျပ်၊ ခြွေလှေ့ခ  သုံးသောင်းကျပ်၊ ကောက်လှိုင်းထမ်း/စပါးထမ်း/အခြောက်လှမ်းခ ၅၀,၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး မိုးကောက်ကြမ်းစပါးကြဲခင်း တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန် ကျငွေ ၆၃၀,၀၀၀ ခန့်ရှိနိုင်သည်ဟု လယ်သမားကဆိုသည်။

ထိုသို့ ကုန်ကျစရိတ်များ စျေးနှုန်းမြင့်တက်နေသည့်အတွက် တောင်သူလယ်သမားများမှာ စိုက်ဘဏ်ချေးငွေအကြွေးများ၊ အတိုးများနှင့် ရေရှည်ရပ်တည်ရန် မလွယ်ကူတော့ကြောင်း ဆက်လက်ပြောသည်။

ဆန်နှင့် စပါးသိုလှောင်မှုအား မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်း ဝန်ကြီးဌာနမှထုတ်ပြန်ချက်မှာ စပါးကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များကို ထိန်းချုပ်ခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

"ပွဲစားတွေနဲ့ ဆန်စက်ပိုင်ရှင်တွေက စပါးကိုလှောင်ထားပြီး စျေးကစားလို့ စပါးစျေးတက်တယ်လို့ သူတို့ကထင်နေတာ။ အမှန်ကတော့ သွင်းအားစုတွေစျေးတက်လို့ စပါးစျေးတက်နေတာပါ။အခုကြေညာချက်ကတော့ လယ်သမားတွေကိုတော့ မသက်ရောက်နိုင်သေးပါဘူး။ ပွဲစားတွေနဲ့ စက်ပိုင်တွေကို ထိန်းချုပ်တဲ့ အစီအစဥ်မအောင်မြင်ရင်တော့ အရင်ခေတ်ကလို ထွက်တဲ့စပါးကို အစိုးရကသတ်မှတ်တဲ့စျေးနဲ့ အစိုးရကိုသွင်းရမယ်ဆိုတဲ့ ပုံစံတွေဖြစ် လာနိုင်တယ်။"ဟု စီးပွားရေးလုပ်ငန်းရှင်က ဝေဖန်သုံးသပ်သည်။

စာတည်း-သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly