မိုခါမုန်တိုင်းကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၄၅၅ ဦးရှိလာကြောင်း NUG ထုတ်ပြန်

By MTO (မဇ္စျိမ)
18 May 2023
မိုခါမုန်တိုင်းကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၄၅၅ ဦးရှိလာကြောင်း NUG ထုတ်ပြန်

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မေလ ၁၇ ရက်နေ့ အထိ  သေဆုံးသူ ၄၅၅ ဦးထိ ရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ပြီး  သေဆုံးမှုနှင့် ထိခိုက်မှုစာရင်းများကို ဆက်လက်စိစစ်နေကြောင်း ယင်းဌာန တာဝန်ရှိသူက အသိပေးသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်  သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍  မေလ ၁၇ရက်အထိ ရရှိထားသည့်စာရင်းအား MOHADMက ထုတ်ပြန်ရာတွင် တိုင်းနှင့်ပြည်နယ် ၇ ခုရှိ၂၁မြို့နယ်တွင် သေဆုံးသူ ၄၅၅ဦးအထိ ရှိလာသည်ဟု ဖော်ပြထားသည်။

MOHADMက ထုတ်ပြန်ထားရာတွင်  ရခိုင်ပြည်နယ်၌ ၄၃၁ဦး၊ မကွေးတိုင်းတွင်၁၅ဦး၊ စစ်ကိုင်းတိုင်းတွင် ငါးဦး၊ရှမ်းပြည်နယ်တွင် နှစ်ဦးနှင့် ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့တွင် တစ်ဦးစီ သေဆုံးခဲ့သည်ဟုဆိုသည်။မုန်တိုင်းကြောင့် သေဆုံးသူစာရင်းကို ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း MOHADM မှတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အခုလောလောဆယ် စစ်တွေက နေရာ ခြောက်ခုမှာ Dead Body(သေဆုံးသူရုပ်အလောင်း) ရှာတွေ့ပြီးတာ အယောက် ၁၀၀ ကျော်ရသွားပြီပေါ့။ ဒါပေမယ့် ၄၀၀ ကျော်ရှိတယ်ဆိုတာကိုခန့်မှန်းထားတယ်။  အဲ့အတွက်ကို အသေးစိတ် စာရင်းပြုစုနေတယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ သေဆုံးသူအများစုမှာ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ ဖြစ်သည်ဟု ၎င်းက ပြောသည်။

" သေဆုံးတဲ့သူအများစုကတော့ ဒုက္ခသည်စခန်းတွေမှာ နေနေတဲ့ ရိုဟင်ဂျာတွေဖြစ်တာပေါ့နော်။  အဲ့လိုမျိုးဆိုတော့ ဒီအရေအတွက်မှာလည်း ရိုဟင်ဂျာတွေပဲများမယ်လို့ ယူဆပါတယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်မှသေဆုံးသူ ၄၃၁ဦးတွင် အတည်ပြုပြီး စာရင်းအနေဖြင့် စစ်တွေမြို့ကမ်းရိုးတန်းဒေသရှိ ရိုဟင်ဂျာ၊မွတ်စလင်ဒုက္ခသည်စခန်းများဖြစ်သော စံပြ၊ဗေဒ၊ဒါးပိုင်နှင့် ဗောဒူပစခန်းများမှ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် ၄၀၁ဦး ရေနစ်သေဆုံးခဲ့သည်ဟု MOHADMက ထုတ်ပြန်ထားသည်။ 
၄၀၁ဦးအနက် ၁၁၇ဦးသည် ရုပ်အလောင်းအတည်ပြုထားနိုင်ပြီး ကလေးငယ် ၃၂ဦး၊ အမျိုးသမီး ၄၆ဦး သေဆုံးခဲ့သည်ဟု MOHADM မှတ်တမ်းများတွင် ဖော်ပြထားသည်။  ထို့အပြင်ရသေ့တောင်မြို့မှ ၁၃ဦး၊မြောက်ဦးမြို့မှ သုံးဦး၊တောင်ကုတ်နှင့် ရမ်းဗြဲမြို့မှ တစ်ဦးစီ၊ပေါက်တောနှင့်မာန်‌အောင်မြို့မှ နှစ်ဦးစီ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့မှ လေးဦးစီသေဆုံးခဲ့သည်ဟု MOHADM က ဆိုသည်။

မကွေးတိုင်းမှ သေဆုံးသူ ၁၅ဦးမှာ ဆင်ဖြူကျွန်းမြို့နယ်မှ ခြောက်ဦး၊ ဆိပ်ဖြူနှင့်ပေါက်မြို့နယ်မှ သုံးဦးစီ၊ရေစကြိုမြို့မှ နှစ်ဦးနှင့် ဂန့်ဂေါမြို့မှ တစ်ဦး၊ စစ်ကိုင်းတိုင်းမှ သေဆုံးသူ ငါးဦးမှာ ယင်းမာပင်မြို့မှ သုံးဦး၊ ကန့်ဘလူနှင့်ကနီမြို့မှ တစ်ဦးစီ ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းတွင် ကော့မှုးမြို့မှ တစ်ဦး၊ ဧရာဝတီတိုင်းတွင် ရေကြည်မြို့မှ တစ်ဦး၊ မန္တလေးတိုင်းတွင် ပြင်ဦးလွင်မြို့မှ တစ်ဦးနှင့် ရှမ်းပြည်နယ်တွင် တာချီလိတ်မြို့မှ နှစ်ဦး သေဆုံးခဲ့သည်ဟု MOHADM က ဆိုသည်။

မုန်တိုင်းဝင်ပြီး ငါးရက်မြောက်ဖြစ်သော ယနေ့ မေလ ၁၈ရက်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေပြီး  အသေးစိတ်အတည်ပြုနိုင်ရေးကို မြေပြင်မှ အရပ်ဘက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု MOHADM၏ တာဝန်ရှိသူက ပြောသည်။

စစ်​ကောင်စီကမူ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်  သေဆုံးသူ စုစုပေါင်း ၂၁ ဦးသာရှိသည်ဟု ယမန်နေ့ မေလ ၁၇ တွင်ထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်ကောင်စီသည် ယခင်စစ်အစိုးရလက်ထက်များကအတိုင်း မုန်တိုင်းဘေးအပါအဝင် သဘာဝဘေးကြောင့်သေဆုံးသူအရေအတွက်ကို အမှန်အကန်မထုတ်ပြန်ဘဲ ဖုံးကွယ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)၏ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

" စာရင်းဇယားတွေအရ ခြံငုံပြီးကြားသိရတာက စုစုပေါင်း ၄၀၀ ကျော်ရှိပြီ။ဒီစာရင်းကို မြေပြင်က အဖွဲ့ကတွေက စုံစမ်းဖော်ထုတ်ဖို့လုပ်နေတယ်။ ဒီစာရင်းတွေ တကယ်ပေါ်လာမှာပါ။ ဒါကိုတော့ စစ်ကောင်စီက ဖုံးအုပ်ထားမှာဖြစ်ပါတယ်" ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဒေါက်တာဝင်းမြတ်အေးက  ပြောသည်။

စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် မြေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများက မုန်တိုင်းကြောင့် သေဆုံးသူသည် ၄၀၀ ကျော်အထိရှိနိုင်ကြောင်း  ပြောဆိုထားသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေလ ၁၄ ရက် နေ့လယ်တွင်   ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကြားမှဖြတ်ကာ အင်အားအလွန်ပြင်းထန်သော အဆင့်ဖြင့် ဝင်ရောက်ခဲ့သည်။ မုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်တွင် တိုက်ရိုက်ရင်ဆိုင်ခဲ့ရပြီး ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် မိုးကြီးခြင်း၊ လေပြင်းကျခြင်းတို့ကြောင့်ဖြစ်သော နောက်ဆက်တွဲသဘာဝဘေးများကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်တို့တွင် ထပ်မံရင်ဆိုင်ခဲ့ရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly