UNFC နှင့် လက်နက်ကိုင် ၈ဖွဲ့ ဧပြီလအတွင်း ထိပ်သီးအစည်းဝေးလုပ်ရန် သဘောတူ

UNFC နှင့် လက်နက်ကိုင် ၈ဖွဲ့ ဧပြီလအတွင်း ထိပ်သီးအစည်းဝေးလုပ်ရန် သဘောတူ

ချင်းမိုင်(မဇ္ဈိမ)။              ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့ နှစ်ဖက် ပြန်လည် တွေ့ဆုံရန်သာ သဘောတူညီခဲ့ကြသည်ဟု နှစ်ဖက် ကိုယ်စာလှယ်များ၏ ခေါင်းဆောင်များက ပြောသည်။

မတ်လ ၂၇ ရက် နံနက် ၉ နာရီမှ ၁၂ နာရီကျော်ထိ တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်ဖက် ရှေ့ဆက်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်အတွက် အမြန်ဆုံး ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ရန်   နှစ်ဖက်သဘောထားရှိခဲ့ကြသည်ဟု UNFC မှ “နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့”(Delegation for Political Negotiation (DPN)မှ ခေါင်းဆောင် ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

“ရှင်းရှင်းပြောရရင် အလွတ်သဘောတွေ့ကြတာပါ။ ရှေ့ဆက် ကျနော်တို့ အတူတကွ ဘယ်လို လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ကြ မလဲဆိုတဲ့ ခေါင်းစဉ်က ဒါ အဓိကပေါ့နော်။ ကျနော်တို့ရှေ့ဆက်သွားမဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်စလုံး အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးနိုင်ကြရင် အကောင်းဆုံးလို့တော့ အမြင်သဘောထားတွေ ဖလှယ်ကြတာတွေတော့ ရှိတယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှု ရှိနေဆဲ ဖြစ်ပြီး ညီညွတ်ရေးအတွက် အဓိကထား လုပ်ဆောင်နေကြဆဲ ဖြစ်သည်ဟု ရှုမြင်ကြောင်း ခူဦးရယ်က အစည်းအဝေးအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆွေးနွေးမှုတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဘက်မှ အစိုးရနှင့် NCAလက်မှန်ရေးထိုးပြီးနောက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ ဒုတိယအကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှ ဖွဲ့စည်းလိုက်သော “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team-EAO PPST)ကို ဖွဲ့စည်းမှုများကိုလည်း တင်ပြခဲ့သည်ဟု သူက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသော အဖွဲ့၏ ပဏာမတွေ့ဆုံ ဆွေးနွေး ညှိနှိုင်းနိုင်ရန် (Delegation for EAO Unity-DEU)တွင် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ဦးခိုင်စိုးနိုင်အောင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ပဒိုကွယ်ထူးဝင်တို့ အပါ အဝင် ၉ ဦးနှင့် UNFCမှ အထွေထွေ အတွင်းရေးမှူး ခူဦးရယ် ဦးဆောင်သော “နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့”(Delegation for Political Negotiation (DPN)မှ ကိုယ်စားလှယ် ၈ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံဆွေးနွးရန် နှစ်ဖက် သဘောထားရယူခဲ့ပြီး လာမည့် ဧပြီလ အတွင်း ပဏာမ တွေ့ဆုံဆွေးနွေး၍ ထိပ်သီးအစည်းအဝေး ခေါ်ယူရန်အတွက် သက်ဆိုင်ရာ အဖွဲ့များသို့ ပြန်လည် တင်ပြသွားမည် ဖြစ်ကြောင်း DEU အဖွဲ့မှ ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်က ပြောသည်။

“ကျနော်တို့ဘက်က အန်စီအေကို လက်မှတ်ထိုးလာတယ်။ အဖွဲ့တွေ ဖွဲ့လာတယ်ဆိုတာ ဆွေးနွေးတယ်။ အဲဒီအပေါ်မှာ သူတို့က ဘာမှ မပြောဘူး။ နားထောင်တာဘဲ ရှိတယ်။ Unity တည်ဆောက်တဲ့နေရာမှာ ဘယ်လို ဆွေးနွေးကြမလဲ။ လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့တွေ ပြန်ပြီး အလုပ် လုပ်နိုင်အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ အပေါ်မှာ အလွတ်သဘောဆွေးနွေးတာပါ။ နောက်တစ်ကြိမ် တွေ့ဖို့ သဘောထားရှိတယ်”ဟု ဦးခိုင်စိုးနိုင်အောင်က သတင်းထောက်များကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်မှုမပေါ် ညီညွတ်ရေးအတွက် စာမျက်နှာဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ဦးခိုင်စိုးနိုင်အောင်က ပြောသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် မထိုးသေးသော အဖွဲ့အစည်းများများ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် မကြာမီ တက်လာမည့် အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့သစ်၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှု အပေါ်မှာ မူတည်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ပါဝင်သော UNFC နှင့် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags