နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ခဲ့သည့် ဒေသများက ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာကူညီရေး နှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

  • ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး နှင့် ရန်ကုန် စသည့် တိုင်းဒေသကြီး နှင့်  မြို့နယ်များတွင် သေဆုံးသူ ၁၈ ယောက်ရှိသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားသည်။ 

  • မေလ ၁၄ ရက်နေ့က တိုက်ခတ်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လူ ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းတိုင်းတွင် စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာနက မေ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • နယူးဇီလန်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေ ၁၆ ရက်၊ မွန်းလွဲပိုင်းက နယူးဇီလန်နိုင်ငံ၊ လွှတ်တော် အဆောက်အဦတွင် အစိုးရဝန်ကြီးများ လွှတ်တော်အမတ်များ နှင့် တွေ့ဆုံပြီး  မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို မေ ၁၅ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို မေ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင်  ပြုလုပ်ခဲ့ကြသည်။ 

  • ဆိုင်ကလုန်းမုန်တိုင်းမိုးခါကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ပုလဲမြို့နယ်အတွင်း ရှိ ဆည်များ၏ ကြံ့ခိုင်မှု အခြေအနေကို ဒေသကာကွယ်ရေးအဖွဲ့ များနှင့် ပူးပေါင်း စောင့်ကြည့် နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။ 

  • မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ရုံး စာရေးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး အမြန်ဆုံး နှုတ်ထွက်၊ ထွက်ခွာသွားကြရန်အတွက် မကွေးခရိုင်၊ အမှတ် (၁) စစ်ဒေသ တပ်ရင်း (၂) က ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး ယင်းမာပင်ခရိုင် PDF တပ်ရင်း အမှတ် ၂၉ စခန်း ပျက်စီးကာ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ယင်းမာပင်ခရိုင် PDF တပ်ရင်း အမှတ် ၂၉ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေ ၁၆ ရက်၊ နံနက်ပိုင်းက ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် မုံရွာလူငယ်များ စည်းရုံးမှ တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ မေ ၁၆ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သော PDF များကို ပြည်သူများက မေ ၁၅ ရက်၊ ညပိုင်းတွင် ဝမ်းသာစွာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တွင်းကုန်းရွာကို မေ ၁၃ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်က အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းမရွာအနီး မေ ၁၄ ရက် နှင့် ၁၅ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ကနီမြို့နယ် လူထုသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်းကို စစ်ကောင်စီ တပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းရှိပစ္စည်းများ သိမ်းဆည်းသွားရာ ကာလတန်ဖိုး ကျပ် ၄၀,၀၀၀,၀၀၀ (သိန်းလေးရာ)ခန့် ဆုံးရှုံးခဲ့ရကြောင်း Monywa Nightking က မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၇ ရက်မှ ၁၂ ရက်နေ့အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်တွင် မေ ၁၅ ရက်၊ ညနေ ၅ နာရီကျော်ခန့်က ထမင်းချိုင့်ထည့်သည့်အိတ်များအတွင်းမှ လက်လုပ်ဗုံး (၄) လုံးတွေ့ရှိ၍ သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၆၀၀ ကျော်နေထိုင်သည့် စစ်ရှောင်စခန်း တစ်ခုလုံး ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် CDM ကျန်းမာရေးဝန်ထမ်းများကို အတင်းအကျပ် ဖိအား ပေးခဲ့သော မြစ်ငယ် မီးရထားစက်ရုံဆေးရုံအုပ်ကြီး Non-CDM ဆရာဝန် ဒေါက်တာတင်ချိုချိုကို မေ ၁၅ ရက်၊ ညနေ ၅ နာရီခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို မေ ၁၃ ရက်၊ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူးစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၂ (Myingyan Ranger) တပ်ဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မဲနယ်အိုး ကျေးရွာအနီး ဥတ္တူတံတားတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို မေ ၉ ရက်၊ ည ၉ နာရီကျော်ခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ ကျောက်တံခါးကျေးရွာ အုပ်စု၊ ရုပ်ဆိုင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်‌သားများ မေ ၁၂ ရက်၊ ည ၈ နာရီခန့်က ကင်းပတ် ထွက်လာစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ထိမှန်လဲကျသွားပြီ အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသားများကို ထောင်ရောက်ရောက်ချင်း မတရားရိုက်နှက်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ "အာဏာရှင်အောက် ငါတို့ မနေချင် ပြည်သူအားနဲ့ ရုန်းထွက်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု မေ ၁၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ် စုပေါင်းရုံးကို မေ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။  

  • မိုခါမုန်တိုင်းကြောင့် မိုင်းအလုံး ၅၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး ထပ်မံဝယ်ယူနိုင်ရေးကူညီကြရန် ချင်းတွင်း တိုင်ဂါး- CTPDF တပ်ဖွဲ့က ​ပြည်သူများကို ကူညီတောင်းခံလိုက်သည်။ 

  • S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က စမ်းသပ်ထုတ်လုပ်သည့် Solar Power Station လေး ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ပြီးမြောက်ခဲ့သောကြောင့် စစ်ဘေး နှင့် သဘာ၀ ဘေးအန္တရာယ် ခံနေရသည့် ပြည်သူ့နေအိမ် ၁၀၀ အတွက် ကနဦး တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရသည်။ 

  • တောင်ကိုရီးယားနိုင်ငံ ၊ ဘူဖြောင်းဘူတာ နှင့် ဖိုးချွန်း မြို့များတွင် ဖိုးချွန်း မြန်မာလူငယ်များ ဦးစီးကျင်းပသည့် ရန်ပုံငွေဘောလုံး ပြိုင်ပွဲ နှင့် ရန်ပုံငွေ စျေးရောင်းပွဲတော်ကို ပြုလုပ်ခဲ့ပြီး ရရှိသည့် အလှူငွေများကို အညာဒေသ ထောက်ပို့ကူညီရေးဖြင့် စစ်ဘေးသင့် ပြည်သူ သားသမီးများ၏ ပညာရေးအတွက် လှူဒါန်းသွားမည်ဟု Myingyan Generation - Z Group ထံမှ သိရသည်။ 

  • NLD-OC-MALAYSIA ရုံးအဖွဲ့သည် မလေးရှားရောက် မြန်မာအလုပ်သမားများနှင့် ပူးပေါင်း၍ ဖမ်းစီးခံ နိုင်ငံရေးသမားများ ၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံးပြန်လည် လွတ်ပေးရန် ဆန္ဒပြ သပိတ်တစ်ခုကို ပြုလုပ်ခဲ့ကြသည်။ 

  • မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ မေ ၁၆ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" နှင့် ပတ်သက်၍ အနယ်နယ်အရပ်ရပ်ရှိ ရက္ခိုင်ပြည်သူတို့၏ အလှူငွေများ အလေအလွင့်မဖြစ်စေရန် ကပ်ဘေးကာလအတွင်း ကုန်စျေးနှုန်းမြှင့်တင် အမြတ်ထုတ်မှုများ မလုပ် ကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ယနေ့ မေ ၁၆ ရက်တွင် မုန်တိုင်း နောက်ဆက်တွဲ အရေးပေါ်မိန့်ခွန်းပြောကြားစဉ်၌ ထည့်သွင်းပြောကြားခဲ့သည်။ 

  • ဖျက်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည့် ရခိုင်ပြည်နယ်က ပြည်သူများအတွက် အရေးပေါ်အကူအညီများ ပေးရန် နိုင်ငံတကာကို ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တောင်းဆိုလိုက်သည်။ 

  • ကရင်နီ (ကယား) ပြည်နယ်တွင် KNDF ၏ ရဲဘော်တစ်ဦးမှ စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်ဖြင့် တို့နေသည့် ဗီဒီယိုတစ်ခု ဧပြီလ ၂၇ ရက်နေ့တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဗီဒီယိုပါ တော်လှန်ရေး ရဲဘော် နှင့်  ‌ဘေးနားမှ နောက်ပြောင် ကျီစယ်နေသူ ရဲဘော်များကို  အရေး ယူလိုက်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မေ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ 

  • KNDF ပူးပေါင်းတပ်များ နှင့် အကြမ်းဖက်စစ်တပ်တို့အကြား အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နိုင်သည့်အတွက် ပြည်သူများအနေဖြင့် ဘောလခဲ- ရွာသစ်လမ်းမပေါ် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် နှင့်  မြေပြင်လိုအပ်ချက် များကိုလည်း ကူညီထောက်ပံ့ကြရန်အတွက် KNDF က အသိပေး မေတ္တာရပ်ခံထားသည်။ 

  • ကရင်နီ(ကယား) ပြည်နယ်၊ ဘောလခဲမြို့တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မေ ၉ ရက်၊ ညနေပိုင်းတွင် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း KNDF B/21 ထံမှ သိရသည်။ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်မိုင်း ဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်သားများကို မေ ၁၄ ရက်က တိုက်ခိုက်ခဲ့ရာ ၃ ဦး‌ သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေအိုးစင်ကျေးရွာတွင် မေ ၁၀ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသော အမျိုးသမီး သုံးဦးနှင့် အမျိုးသားလေးဦးအား မေ ၁၆ ရက်အထိ အဆက်အသွယ်မရသေးကြောင်း KNU ဗဟို ကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။ 

  • ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လမ်းများကိုဖျက်ဆီးနေခြင်းကြောင့် ပြည်သူလူထု များ၏ ခရီးသွားလာရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခက်အခဲ များ ကြုံနေရသည်ဟု ကေအဲန်ယူ-ဒူးပလာယာခရိုင် သတင်း နှင့် ပြန်ကြားရေးဌာနက ယနေ့ မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်၍ နောက်တန်းဌာနချုပ်ရုံးအပါအဝင် ရဲဘော်များနေထိုင်ရာအဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် - အရှို (CDF- Asho) က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ဆိုင်ကလုန်း “မိုခါ” တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အလှူငွေများထဲက ကျပ်သိန်းပေါင်း ၇၀၀၀၀ နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မေ ၁၅ ရက်က စစ်တွေမြို့ကို သွားရောက် ကြည့်ရှုချိန်မှာ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

  • အာဏာသိမ်း စစ်ခါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ မေ ၁၆ ရက်၊ နံနက်ပိုင်းက ပုဂံကို ရောက် နေပြီး ဘုရားများ ကြည့်ရှုစစ်ဆေးနေသည့်အတွက် လုံခြုံရေး တင်းကျပ်ထားသည်ဟု ဒေသခံ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မဲခေါင်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ပေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ တစ်ဦး အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က မေ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် အားအလွန့်အလွန်ကောင်းသော "မိုခါ" ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်မှပြည်သူများအားကူညီရန် သီတဂူဆရာတော်ကြီးက အလှူတော်ငွေ ကျပ်သိန်း ၁၀၀၀ အား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်း စစ်ကောင်စီ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က လက်ခံရယူခဲ့သည်။ 

  • ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား စစ်ကောင်စီ ရေတပ်က စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။ 

  • မိုခါ မုန်တိုင်းအရှိန်ကြောင့် ပုဂံတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရှေးဟောင်းဘုရားစေတီအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက အသိပေး ထုတ်ပြန်ထားသည်။ 

မေ ၁၆ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီက မုန်တိုင်းသင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများကို ဟန်ပြထောက်ပံ့ပြပြီး အထက်အောက် ခွဲတမ်း ချသလို မဟုတ်ဘဲ အမှန်တကယ် ဒုက္ခရောက်နေ သူများထံ အကူအညီ ရောက်ရှိရန် လိုအပ်သည်။  

  • မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များခဲ့သည့် ဒေသများအတွက် ပြည်တွင်း ပြည်ပ အကူအညီရရှိရန် လိုအပ်နေပြီး အလှူငွေများ အလေအလွင့် မဖြစ်ရန် နှင့်  မုန်တိုင်းအကြောင်းပြကာ အမြတ်ထုတ်မှုများ မလုပ်ရန် လိုအပ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly