စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် KNU ဒု-ဥက္ကဋ္ဌ၏ အစ်ကိုနှင့်တူဖြစ်သူ ပြန်လည်လွတ်မြောက်

By YT  ( မဇ္ဈိမ)
16 May 2023
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် KNU ဒု-ဥက္ကဋ္ဌ၏ အစ်ကိုနှင့်တူဖြစ်သူ ပြန်လည်လွတ်မြောက်

ကရင်အမျိုးသားအစည်းအရုံး( KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးကျေးရွာနေ KNU ​ဒု- ဥက္ကဋ္ဌ ပဒိုစောဆဲဂေ​၏ အစ်ကိုဖြစ်သူနှင့် တူဖြစ်သူအား ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်တောင်းမြစ်ရိုးအတိုင်း စစ်ကြောင်းထိုးလာသော အင်အား ၅၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်သားများသည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးကျေးရွာအတွင်း နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ရေတွင်းကုန်းကြီးကျေးရွာမှ ပြန်လည်စွန့်ခွာရန် ပြင်ဆင်ချိန်တွင် ဒေသခံရှစ်ဦးခန့်အား ဖမ်းဆီးခဲ့ရာ ထိုဖမ်းဆီးခံရသည့်အထဲတွင် KNU ​ဒု- ဥက္ကဋ္ဌ ပဒိုစောဆဲဂေ​၏ အစ်ကိုဖြစ်သူ စောသာဂေနှင့် တူဖြစ်သူ စောသားချိုတို့ပါဝင်သွားကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

" ဖမ်းတာက သူတို့ ခြံရှေ့ ခြံတံခါးပိတ်တဲ့အချိန်မှာ ဖမ်းတာ။ ဘယ်သူဘယ်ဝါရယ်လို့ သိတဲ့ပုံမရဘူး။ အားလုံးခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတယ်။ အဲ့ဒါကလည်း အိမ်တွေမှာ လိုက်ဖမ်းတာမျိုးမဟုတ်ဘူး။ ရွာသားတွေက ရှောင်ဖို့ထွက်ရင်းနဲ့ ထိပ်တိုက်တိုးပြီး ခေါ်ခံရတာ" ဟု ရေတွင်းကုန်းကြီးကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ ရေတွင်းကုန်းကြီးရွာအတွင်းမှ ထွက်ခွာချိန်တွင် ကျန်ရှိနေသည့် ရွာသားများအား နေအိမ်ထဲတွင်သာ နေရန် ပြောဆိုခဲ့ပြီး ထွက်ခွာသွားကြကြောင်း သိရသည်။

ရေတွင်းကုန်းကြီးကျေးရွာ အပြင်ဘက်အရောက်တွင် ၎င်းတို့ဖမ်းဆီးထားသည့် KNU ​ဒု- ဥက္ကဋ္ဌ ပဒိုစောဆဲဂေ​၏ အစ်ကိုဖြစ်သူနှင့် တူဖြစ်သူ အပါအဝင် ရေတွင်းကုန်းကြီးကျေးရွာမှ ဒေသခံ ရှစ်ဦးခန့်အား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

" သူတို့ ပြန်ထွက်သွားတော့ ကျန်တဲ့သူတွေကို အကုန်လုံးအိမ်ထဲမှာပဲနေခဲ့၊ အပြင်မထွက်နဲ့လို့ မှာပြီးထွက်သွားတယ်။ တီးစောသဂေနဲ့ စောသားချိုကိုတော့ ရွာပြင် နှစ်ဖာလုံလောက်အကွာမှာ ပြန်လွတ်တယ်။ ကျန်တဲ့ရွာသားတွေလည်း အကုန်လွတ်တယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

ဒေသခံတစ်ဦး​၏ ပြောကြားချက်အရ KNU ဒု- ဥက္ကဋ္ဌ၏ မိသားစုဝင်များသည် သတင်းပျံနှံ့မှုများကြောင့် ယခုအခါတွင် ရေတွင်းကုန်းကြီးကျေးရွာအတွင်းရှိ ၎င်းတို့နေအိမ်၌ မနေဘဲ အခြားဒေသသို့ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

ပဒိုစောဆဲဂေသည် ယခင်က KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်​၏ ခရိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစ၍ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် KNU ​၏ ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကာ တစ်ဆက်တည်းအနေဖြင့် ကာကွယ်ရေးဌာန​ တာဝန်ခံအဖြစ်ပါ တာဝန်ယူရန် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly