စစ်တွေမှာ လျှပ်စစ်မီးနှင့် သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲကြုံနေ

By ရွှေနွယ်( မဇ္ဈိမ )
16 May 2023
စစ်တွေမှာ လျှပ်စစ်မီးနှင့် သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲကြုံနေ

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်သွားသော စစ်တွေမြို့တွင် မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ လက်ရှိအချိန်အထိ လျှပ်စစ်မီးပြတ်တောက်နေပြီး ရေသန့်စက်ရုံအားလုံးနီးပါးလည်း ပျက်စီးကာ မလည်ပတ်နိုင်သောကြောင့် သောက်သုံးရေအခက်အခဲကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

"မီးပြတ်နေတော့ ရေတင်လို့မရဖူး ရေသန့်စက်ရုံတွေလည်း ထိခိုက်ပျက်စီးတာရော၊ ဒီရေတက်ထားတော့ ရေတွင်းရေကန်တွေပျက်ထားတာရောဆိုတော့ သောက်သုံးရေခက်ခဲနေတယ်။ ချက်ပြုတ်စားသောက်ဖို့လည်း ခက်ခဲနေပါတယ်။” ဟု လမ်းမတော်တောင်ရပ်ကွက်နေဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့နယ်တွင် ရေသန့်စက်ရုံ ၂၀ ကျော်ရှိပြီး "မိုခါ" မုန်တိုင်းကြောင့် အားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများရှိကာ ထိခိုက်မှုနည်း၍ ပြန်လည်လည်ပတ်နိုင်ခြေရှိသော စက်ရုံဟူ၍ သုံး လေးခုသာရှိနိုင်ကြောင်း Family ရေသန့်စက်ရုံပိုင်ရှင်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော့်စက်ရုံကတော့ အကုန်ပျက်စီးတယ်၊ ရေသန့်လှောင်ကန်တွေပါ လွင့်စင်ကုန်တယ်။ ပြန်လည်နိုင်ဖို့ တစ်လခွဲလောက်ကြာဦးမယ်။ နောက်ပြီး လည်နိုင်မယ့်စက်ရုံတွေရှိလည်း လျှပ်စစ်မီးကို အဓိကအားကိုးလည်ပတ်ရတာဆိုတော့ မလွယ်သေးဖူး" ဟု Family ရေသန့်စက်ရုံပိုင်ရှင်က ပြောသည်။

လက်ရှိတွင် ပျက်စီးမှုနည်းသောစက်ရုံ၊ ပြန်လည်လည်ပတ်နိုင်ခြေရှိသည့် စက်ရုံဟူ၍ သုံးခုလောက်သာရှိနိုင်ပြီး မီးစက်အားကိုးရမည်ဖြစ်ကြောင်းလည်းဆိုသည်။

အဆိုပါ စက်ရုံးသုံးခုခန့် ပြန်လည် လည်ပတ်လျှင်လည်း စစ်တွေမြို့ သောက်သုံးရေလိုအပ်ချက်၏ ၄၀ ရာနှုန်းခန့်ကိုသာ ဖြေရှင်းနိုင်ခြေရှိပြီး ကျန် ၆၀ ရာနှုန်းမှာ ခက်ခဲနေနိုင်သေးကြောင်းသိရသည်။

"မုန်တိုင်းမဝင်ခင်က ဘူးအခွံတွေကို အကုန်ရေဖြည့်ထားတော့ လက်ကျန်လေးတော့ရှိသေးတယ်။ ခုတော့ နီးစပ်ရာက လာဝယ်နေကြတာပဲရှိတယ်။ ရက်ကြာရှည်ကတော့ အခက်အခဲတွေ ရှိနေနိုင်ပါသေးတယ်” ဟု Family ရေသန့်စက်ရုံပိုင်ရှင်မှ ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ရေဝေပေးခြင်းလည်းမရှိ၊ အခြားသောအခြေခံစားနပ်ရိက္ခာ ဝေပေးနေခြင်းလည်းမရှိကြောင်း၊ WFP မှလည်းပြင်ဆင်ထားကြောင်း ကြားသိရသော်လည်း ဝင်ရောက်လာခြင်းရှိသည်ဟုမကြားသိရသေးကြောင်းနှင့် မပျက်စီးဘဲ ကျန်ရစ်နေသော (၁၅)ရပ်ကွက်ရှိ ရေတွင်းရေကန်တချို့မှသာ သုံးရေမျှဝေ ယူနေကြရကြောင်း သိရသည်။

“စစ်အစိုးရက လုပ်ပေးနေတာမတွေ့ရဘူးဗျ၊ အဓိက လုပ်နေတာ မြို့ခံ လူမှုကူညီရေးအသင်းကြီး နှစ်ခုလောက်ကပဲ အဓိကလုပ်နေရတာပါ။ ဖုန်းလိုင်းအင်တာနက်လိုင်းလည်းမရတော့ ရွာတွေမှာ ဘယ်လောက်ပျက်စီးသလဲဆိုတာ မသိရသေးဘူး။ သေဆုံးစာရင်းလည်း အတည်မပြုနိုင်ကြသေးဖူး” ဟု စစ်တွေမြို့ဒေသခံမှပြောသည်။

စစ်ကောင်စီမှ စားနပ်ရိက္ခာဝေမျှဝေပေးနေကြောင်း ထုတ်ပြန်ထားသည်များနှင့်ပတ်သက်၍ မေးမြန်းရာ "ကျွန်တော်တို့ရပ်ကွက်တွေဘက်တော့ လာဝေတာမရှိပါဘူး" ဟု ၎င်းမှ ဖြေကြားသည်။

လက်ရှိတွင် စစ်တွေမြို့နှင့်အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပြီး ပြည်သူများအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်လျက်ရှိကာ လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးနဲ့အတူ အရေးကြီးအခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ဦးထွန်းမြတ်နိုင်မှ ယနေ့တွင်ပြောကြားသော မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ်မိန့်ခွန်း၌ပြောကြားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly