Breaking News ဆိုင်ကလုန်းမိုခါး ဘေးအန္တရာယ်ရှိသဖြင့် ချင်းပြည်နယ်တွင် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် ဝါရင့် သုတေသီ သတိပေး

Breaking News ဆိုင်ကလုန်းမိုခါး ဘေးအန္တရာယ်ရှိသဖြင့် ချင်းပြည်နယ်တွင် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် ဝါရင့် သုတေသီ သတိပေး

ဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းဝင်ရောက်သောအခါ အရှိန်လျော့ကျမည်ဖြစ်သော်လည်း ချင်းပြည်နယ်တွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်သည်ဟု ဝါရင့်သုတေသနပညာရှင်တစ်ဦးက စနေ့နေ့ညတွင် သတိပေးလိုက်သည်။

ဆိုင်ကလုန်းမိုခါသည် မြန်မာစံတော်ချိန် စနေနေ့ည ၉ နာရီခွဲမှသည် နောက် ၃၆ နာရီအတွင်း ချင်းပြည်နယ်အတွင်းသို့ လျော့ကျသောအရှိန်ဖြင့် ဆက်လက်ဝင်ရောက်သွားမည်ဖြစ်သည်။ သို့သော် ချင်းပြည်နယ်ထဲရောက်ချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၃ မိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကာ ချင်းပြည်နယ်အတွင်း ကြိုတင်ပြင်ဆင်မှုများလိုအပ်သည်ဟု ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သုတေသီ ဆိုနီယာ လီယိုနတ်က သတိပေးသည်။

သူက မိုခါသည် မြန်မာစံတော်ချိန် စနေနေ့ည ၉ နာရီခွဲမှသည် လာမည့် ၂၄ နာရီအတွင်း မြန်မာ့ကမ်းရိုးတန်းအတွင်းသို့ဝင်ရောက်မည်ဖြစ်ကာ မုန်တိုင်းကျရောက်ချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁၃၀ မိုင်မှ ၁၄၉ မိုင်နှုန်းခန့် ဖြစ်သည်ဟု ဟောကိန်းထုတ်ထားသည်။

ထို့အပြင်မုန်တိုင်း မိုခါသည် ခန့်မှန်းအချင်း မိုင် ၁၅၅ မိုင်ခန့် ရှိမည်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်နေရာ အများအပြား( အကျယ်အပြန့်) သို့ သက်ရောက်မည်ဟုလည်းဆိုသည်။

ဆိုနီယာ လီယိုနတ်က ဆိုင်ကလုန်းမိုခါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း မဇ္ဈိမသို့ပေးပို့ရာ အောက်ပါအတိုင်းဖြစ်သည်။

မုန်တိုင်းအစပျိုးလာချိန်တွင်

- ကမ်းရိုးတန်းတွင် နေထိုင်သူဖြစ်ပါက မုန်တိုင်းဒီရေဒဏ်ကို ခံရနိုင်သောကြောင့် ကုန်းမြင့်ဘက်သို့ ရွှေ့ပြောင်းရန် လိုပါသည်။

- မိမိနှင့်အတူ မိသားစုကိုပါ ခေါ်ပြီး ခိုင်ခန့်သော အဆောက်အအုံ သို့မဟုတ် ဘာသာရေး အဆောက်အအုံများထဲတွင် ဝင်ရောက် ခိုလှုံပါ။

- ခိုင်ခန့်သော အဆောက်အအုံသို့ မပြောင်းရွှေ့နိုင်ပါက မိမိအိမ်နေရာကို အသင့်ဖြစ်အောင် ပြင်ဆင်ပါ။

- အိမ်ပြင်ဘက်တွင် လေနှင့်အတူ လွင့်ပါနိုင်သော ပစ္စည်းများကို ရှင်းလင်းထားပါ။ အိမ်ပြင်တွင်ထားသော ပရိဘောဂများကို ပြောင်းရွှေ့ထားပါ။ လွင့်ပါ ထိခိုက်စေနိုင်မည့် ပစ္စည်းများကို အမိုးအကာအောက်သို့ ပြောင်းရွှေ့ပါ။

- ရေပုံးများ၊ ထည့်စရာများတွင် ရေဖြည့်ထားပြီး မုန်တိုင်းပြီးချိန်တွင် သောက်စရာရေ ရှိနေအောင် ပြင်ဆင်ထားပါ။

- ဆန်နှင့် စားနပ်ရိက္ခာအခြောက်အခြမ်းများကို မုန်တိုင်းကာလနှင့် မုန်တိုင်းအလွန်တွင် စားစရာရှိနေအောင် ပြင်ဆင်ထားပါ။

- အိမ်ပြတင်းပေါက်သည် ကဲလား သို့မဟုတ် တရုတ်ကတ်များဖြစ်နေလျှင် သေချာစွာ ပိတ်ထားပါ။ အကယ်၍ မှန်ပြတင်းဖြစ်လျှင် ခိုင်မာသော တိပ်ဖြင့် ကြက်ခြေခတ်ပုံများပြုပြီး ကျပ်ကျပ်ပိတ်ထားပါ။ (မှန်ကွဲထွက်လျှင် မှန်ကွဲစများ မစင်လာအောင် ဖြစ်သည်။)

- အိမ်တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ထားပါ။

- စောင်များ၊ ခေါင်းအုံးများနှင့် မွေ့ရာများကို သွေ့ခြောက်သောနေရာတွင် စုထားပါ။

-

မုန်တိုင်းစပြီ ဆိုလျှင်

- အကယ်၍ မုန်တိုင်းစတင်ချိန်တွင် ခိုင်မာသော အဆောက်အအုံ နေရာသို့ မပြောင်းရွှေ့နိုင်ခဲ့သူ ဖြစ်ပါက မိမိနေရာတွင်ပင် ပြင်ဆင်ပါ။

- လျှပ်စစ်မီးများ၊ ဂက်စ်အိုးများ၊ ရေပိုက်များနှင့် အခြား အိမ်သုံးပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။

- အိမ်၏ အလုံခြုံဆုံးနေရာတွင် မိသားစုကို ထားပါ။ ထိုနေရာသည် ပြတင်းနှင့် ဝေးပါစေ။

- ရေဒီယိုကို အချိန်နှင့် တစ်ပြေးညီ နားထောင်ပါ။

- အဆောက်အအုံကို လေက ဖျက်ဆီးလာပြီဆိုလျှင် ခိုင်ခန့်သော စားပွဲ၊ ခုံတန်းလျား သို့မဟုတ် မွေ့ရာများအောက်တွင် အကာအကွယ် ယူပါ။ အဝတ်များ၊ စောင်များဖြင့် ကိုယ်ကို ဖုံးထားပါ။ နေရာမရွေ့နိုင်သော အိမ်၏ အစိတ်အပိုင်းတစ်ခုခုကို မြဲမြဲ ကိုင်ထားပါ။

- မုန်တိုင်းမျက်လုံးထဲသို့ ကျရောက်နေစဉ်အတွင်း စိတ်ကို ငြိမ်ငြိမ်ထားပါ။ လေသည် နောက်မိနစ်နှစ်ဆယ်ခန့် ရပ်တန့်သွားပါလိမ့်မည်။ အိမ်ထဲတွင်သာ နေပါ။ နောက်ဆက်တွဲ လာပါလိမ့်မည်။

- မုန်တိုင်းမျက်လုံး ကျော်သွားပြီဆိုလျှင် လေပြင်းနှင့်အတူ မိုးများ ပြန်ရွာပါလိမ့်မည်။ မုန်တိုင်းမျက်လုံးသို့ ရောက်ချိန်အထိမှာ မုန်တိုင်း၏ ပထမတစ်ဝက်မျှသာ ရှိသေးသည်။ နောက်ထပ်လေနှင့် မိုးများ ရောပြီး လာပါလိမ့်ဦးမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly