မဲဆောက်တွင်ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ တရားစွဲတင်နိုင်ရေး ပြင်ဆင်နေပြီဖြစ်ကြောင်း MOWYCA ပြော 

By YT (မဇ္ဈိမ)
13 May 2023
မဲဆောက်တွင်ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ တရားစွဲတင်နိုင်ရေး ပြင်ဆင်နေပြီဖြစ်ကြောင်း MOWYCA ပြော 
မဲဆောက်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန(MOWYCA) ထံ တိုင်ကြားခဲ့သော သက်ငယ်မုဒိမ်းမှု၏ တရားခံကို တရားစွဲတင်ရေး၊ ဖမ်းဝရမ်းထုတ်နိုင်ရေး စသည်တို့ ပြုလုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း MOWYCA မှ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။ 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် CDM တွဲဖက်ပါမောက္ခတစ်ဦး​၏ ငါးနှစ်အရွယ် သမီးငယ်ကို ၎င်းတို့နေထိုင်ရာခြံဝင်းအတွင်းတွင် ဌားရမ်းနေထိုင်သည့်  တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးအောင်မင်း ဆိုသူက လိင်အမြတ်ထုတ်ခဲ့သည်ဆိုသော တိုင်ကြားစာအား မေလ ၂ ရက် နေ့စွဲဖြင့် MOWYCA ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

ထိုတိုင်ကြားစာတွင်  ကလေးငယ်​က ပြန်လည်ပြောပြခဲ့သည့် ဖြစ်စဥ်အသေးစိတ်ကို ဖော်ပြတိုင်ကြားခဲ့ခြင်းဖြစ်ပြီး CDM သူနာပြုတစ်ဦး​၏ ပြောကြားချက်အရ ကလေးငယ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံထားရသည့် လက္ခဏာများ တွေ့ရသဖြင့် မေလ ၂ ရက်နေ့တွင် မဲဆောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးစစ်ထားကြောင်း၊ ရလဒ်အား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိနိုင်ရေးတို့အတွက် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေပြီဖြစ်ကြောင်း  MOWYCA မှ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေး၊ လူ့ဂုဏ်သိက္ခာ အကာကွယ်ပေးနိုင်ရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေးကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင် လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

ယခုဖြစ်စဉ်တွင် သံသယတရားခံအား NUG အစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ခြင်းရှိခဲ့ပြီး လက်ရှိကာလတွင် အမှုတည်ဆောက်၍ တရားစွဲဆိုနိုင်ရေး၊ NUG တရားရေးဘက်မှ အမှုစစ်ဆေး၍ တရားခံအား ဖမ်းဝရမ်းထုတ်နိုင်ရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ချိတ်ဆက်လုပ်ဆောင်နေကြောင်း ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။ 

" အရင်က ခေါ်ယူမေးမြန်းစစ်ဆေးခဲ့တာပဲဖြစ်တယ်။ အခု ရဲဘက်က အမှုတည်ဆောက်၊ တရားစွဲတင်ဖို့ လုပ်နေပြီ။ ပြီးရင် တရားရေးဘက်က အမှုစစ်ဆေး၊ ဝရမ်းထုတ် ကိစ္စတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်။ တိုင်ကြားမှုဖြစ်စဉ်ပေါ်လာတိုင်းမှာ တရားဥပဒေအရရော တိုင်ကြားသူရဲ့ဆန္ဒရော နှစ်ရပ်လုံးကို အလေးပေး လုပ်ဆောင်ရတာဖြစ်ပါတယ်" ဟု ဆိုသည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ MOWYCA အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြဌာန်းဆောင်ရွက်ထားသည့် လိင်အကြမ်းဖက်ခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလမ်းညွှန် (GBV Case Management Guideline) အတိုင်း ဆောင်ရွက်နေပြီး ထိုလမ်းညွှန် အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးအတွက် ထောက်ပံ့ကူညီခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် တရားမျှတမှုရရှိရေးဆောင်ရွက်ခြင်းတို့အား ပြုလုပ်နေကြောင်း သိရသည်။ 
 
နစ်နာသူ ကလေးငယ်နှင့် မိခင်​၏ ကိုယ်၊ စိတ်လုံခြုံရေးအတွက် NUG အစိုးရ​၏ ဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေကြပြီဖြစ်ကြောင်း၊ ကလေးငယ်​၏ မိခင်သည်လည်း စိတ်ဓာတ်ခိုင်မာကြောင်း MOWYCA ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။ 

" ထိခိုက်နစ်နာလို့ တိုင်ကြားသူရဲ့ ကိုယ်ရော စိတ်ပါ လုံခြုံရေးအတွက် MOWYCA ရော MOHADM ကနေ ကော၊ အရပ်ဘက်အဖွဲ့အစည်းကပါ ဆက်လက် ကူညီဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ သမီးလေးရဲ့မေမေဟာ ထင်မှတ်မထားလောက်အောင် စိတ်ဓာတ်ခိုင်မာပြီး သူ့ရဲ့ရပ်တည်ချက်ဟာ စံပြုဖွယ်ကောင်းပါတယ်" ဟု ၎င်းက ဆိုသည်။

ယခု သက်ငယ်မုဒိမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူသည် အဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဤအမှုအား သေချာ ဂရုတစိုက် စီစစ်ရန် လိုအပ်ကြောင်း မြန်မာအမျိုးသမီးများသမဂ္ဂ (BWU)​၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မဇူးပဒုမ္မာက မဇ္ဈိမကိုပြောသည်။ 

" လက်ရှိဖြစ်စဉ်ကိုကြည့်တဲ့အခါ ကျူးလွန်တဲ့သူက အဖွဲ့အစည်းတစ်ခုမှာ တာဝန်သေသေချာချာရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ အဲ့ဒီလိုလူမျိုးက ကျူးလွန်တယ်ဆိုရင် အကြမ်းဖက်မှု ပိုမြောက်တာမျိုးဖြစ်တယ်။ ဒါ့ကြောင့် ဒီလို အာဏာပိုင်တွေ၊ တစ်စုံတစ်ရာလုပ်ပိုင်ခွင့်ရှိ၊ ဩဇာအာဏာရှိတဲ့သူတွေ လုပ်တဲ့ဟာမျိုးတွေဆိုရင် သေချာ ဂရုတစိုက် ဒီအမှုကို စီစစ်ဖို့လိုတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် တကယ်လိုအပ်တဲ့ဟာမျိုးဖြစ်ပါတယ်" ဟု ၎င်းပြောသည်။ 

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့်အား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly