သာကေတ ကြယ်စင်လင်းရွှေဆိုင် ဓားပြတိုက်ခံရ၊ ရွှေထည်ပစ္စည်း သိန်း ၄,၀၀၀ ကျော်ဖိုးနှင့် ငွေသားများ ပါသွားဟုဆို

By ဂန္ဒမာ (မဇ္ဈိမ)
13 May 2023
သာကေတ ကြယ်စင်လင်းရွှေဆိုင် ဓားပြတိုက်ခံရ၊ ရွှေထည်ပစ္စည်း သိန်း ၄,၀၀၀ ကျော်ဖိုးနှင့် ငွေသားများ ပါသွားဟုဆို

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ (၁၀) စျေးအနီးရှိ ကြယ်စင်လင်းရွှေဆိုင်၌ ယနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ရှိ ရွှေထည်ပစ္စည်းအရေအတွက်ပေါင်း ၁,၅၀၀ ကျော်(တန်ဖိုးအားဖြင့် ကျပ်သိန်း ၄,၀၀၀ ကျော်) နှင့် ငွေသားများ ပါသွားကြောင်း သိရသည်။ 

“ပရိုဘောက်ကားနဲ့ နံပါတ်ကတော့ အနီ။ ကားဖင်ထိုးပြီးတော့ လူလေးယောက်ဆင်းလာတယ် ပြောတယ်။ ကျွန်တော်က ဆိုင်ရဲ့သုံး၊ လေးဆိုင်မြောက်က လက်ဖက်ရည်ဆိုင်မှာ ခဏသွားထိုင်နေတာ။ ဆိုင်မှာက ဝန်ထမ်းလေးယောက်ရှိတယ်။ သူတို့ကို နောက်က ပန်းထိမ်ခန်းကိုခေါ်သွားပြီးတော့ မှောက်ခိုင်းထားတာ။ သေနတ်ပါတယ်၊ လက်ထိပ်ပါတယ်။ ရှေ့မှာကျတော့ နှစ်ယောက် သုံးယောက်လောက်က အကုန် သိမ်းကြုံးယူသွားတယ်” ဟု ဓားပြတိုက်ခံရသည့် ကြယ်စင်လင်းရွှေဆိုင်က မဇ္ဈိမကို ဖုန်းဖြင့်ဖြေကြားသည်။ 

ဓားပြတိုက်ခံရသည့် ရွှေထည်ပစ္စည်းများ၏ ကာလတန်ဖိုးအား လက်ရှိအချိန်တွင် တွက်ချက်လျက်ရှိပြီး သိန်း ၄,၀၀၀ ကျော်နိုင်ကြောင်းနှင့် ပါသွားသည့်ရွှေထည်ပစ္စည်းများမှာ ရောင်းချရန် ခင်းကျင်းပြသထားသော ဆိုင်ခင်းထည်များဖြစ်ပြီး အကြမ်းထည်များ ပါသွားခြင်းမရှိကြောင်း သိရသည်။ 

ကြယ်စင်လင်းရွှေဆိုင် အနေဖြင့် သာကေတမြို့နယ်တွင် ဖွင့်လှစ်ထားသည်မှာ ၁၃ နှစ်ကျော်ခန့်ရှိနေပြီဖြစ်သော်လည်း ဆိုင်ခွဲမရှိကြောင်း ဆိုသည်။

စာတည်း  ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly