နျူကလီးယားဖြင့် အကြမ်းဖက်တိုက်ခို်က်မှုဖြစ်ပေါ်လာနိုင်ဟု အိုင်အေအီးအေ သတိပေး

နျူကလီးယားဖြင့် အကြမ်းဖက်တိုက်ခို်က်မှုဖြစ်ပေါ်လာနိုင်ဟု အိုင်အေအီးအေ သတိပေး

ဗီယင်နာ၊ မတ် ၂၆ ။            ။ အကြမ်းဖက်သမားများက ကမ္ဘာတစ်ဝန်း နျူကလီးယားလက်နက်ဖြင့် အကြမ်းဖက်တိုက်ခိုက်လာနိုင်သည်ဟု ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်အဖွဲ့က သတိပေးသည်။ "အကြမ်းဖက်တိုက်ခိုက်မှုက ပျံ့နေပါတယ်။ နျူကလီးယားနဲ့တိုက်ခိုက်လာနိုင်တဲ့ ဖြစ်နိုင်ခြေကို ချွင်းချန်ထားလို့မရပါဘူး"ဟု နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ညွှန်ကြားရေးမှူးချုပ် ယူကီယာအာမာနိုက ပြောသည်။

"အခုဆိုဒါ(နျူလက်နက်လုပ်သည့်နည်းပညာ)က နည်းပညာဟောင်းတစ်ခုတစ်ခုဖြစ်နေပါပြီ။ အခုခေတ်မှာ အကြမ်းဖက်သမားတွေမှာ နည်းလမ်းတွေ၊ ပညာတွေနဲ့ သတင်းအချက်အလက်တွေရှိပါတယ်"ဟု၎င်းက ပြောသည်။ "အကြမ်းဖက်သမားတွေက နျူလက်နက်ကို အခြေခံသဘောလောက်တော့ လုပ်နိုင်တယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး"ဟု ၎င်းက ခန့်မှန်းသည်။ အိုင်အေအီးအေအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နျုကလီးယားလုံခြုံရေးခိုင်မာအောင် အမြဲတမ်းစိတ်ဝင်စားမှုရှိရန် လိုအပ်သည်ဟုလည်း ၎င်းကသတိပေးသည်။

နိုင်ငံတကာအသိုင်းအဝိုင်းရှိ နျူစက်ရုံများတွင် ၁၉၄၅က ဟီရိုရှီးမားမြို့ပေါ်ချခဲ့သည့် အဏုမြူဗုံးမျိုး ၂၀,၀၀၀ ပြုလုပ်နိုင်လောက်သည့် ပလူတိုနီယမ်နှင့် အဆင့်မြင့်သန့်စင်ပြီး ယူရေနီယမ်ရှိနေသည်ဟု သိရသည်။ ၁၉၉၀ပြည့်လွန်နှစ်များကတည်းက နျူကလီးယား တရားမဝင်ကုန်သွယ်မှု၊ အခွင့်မရှိပိုင်ဆိုင်မှု သို့မဟုတ် ပျောက်ဆုံးမှုစသည့် ဖြစ်ရပ်ပေါင်း ၂,၈၀၀နီးပါးဖြစ်ပွားခဲ့သည်ဟု အိုင်အေအီးအေက မှတ်တမ်းတင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly