မနှစ်မြို့ဖွယ် နိုင်ငံရေးအခြေအနေမှ ကျောင်းသား၊ ဆရာများ တိမ်းရှောင်ထွက်ခွာခြင်းကြောင့် ဟောင်ကောင် စာသင်ကျောင်းများ အကျပ်အတည်းဖြစ်နေ 

မနှစ်မြို့ဖွယ် နိုင်ငံရေးအခြေအနေမှ ကျောင်းသား၊ ဆရာများ တိမ်းရှောင်ထွက်ခွာခြင်းကြောင့် ဟောင်ကောင် စာသင်ကျောင်းများ အကျပ်အတည်းဖြစ်နေ 

ဟောင်ကောင်မှ အသက် ရှစ်နှစ်အရွယ် ပီတာသည် မိဘများနှင့်အတူ ဗြိတိန်ကို ပြောင်းရွှေ့နေထိုင်မည် ဖြစ်သည့်အတွက် လာမည့် သီတင်းပတ်အနည်းငယ်တွင် သူ၏ ကျောင်းမှ အတန်းဖော်သူငယ်ချင်းများကို နှုတ်ဆက်စကား ပြောရတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟောင်ကောင် ကလေးငယ်များသည် ၎င်းတို့၏ သူငယ်ချင်းများ မြို့ကို စွန့်ခွာပြီး ထွက်ခွာသွားမှုများ တစ်နေ့တစ်ခြား တိုးလာသည်ကို မြင်တွေ့ထားကြရသည်။ 

ကလေးမွေးဖွားမှုနှုန်း ဆယ်စုနှစ်တစ်စုကြာ ကျဆင်းနေခြင်းနှင့် မကြာသေးခင်က ဟောင်ကောင်သူ၊ ဟောင်ကောင်သားများ မြို့မှ အစုအပြုံလိုက် ထွက်ခွာသွားကြခြင်းတို့ကြောင့် ကျောင်းသားနှင့် ဆရာ ဦးရေပိုင်းတွင် ထိုးကျခဲ့ပြီး ဟောင်ကောင်၏ ပညာရေးစနစ်မှာ ကြီးလေးသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လာရသည်။ 

တရားဝင် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူငယ်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား ၆၄၀၀၀ ကျော်သည် ပြည်တွင်း ပညာရေးစနစ်မှ နှုတ်ထွက်ခဲ့ကြကြောင်းကို ပြသနေသည်။ ပြီးခဲ့သည့် ပညာသင်နှစ် (၂၀၂၁-၂၀၂၂) တွင် ကျောင်းသားဦးရေ ၃၃၆၀၀ ကျော် သို့မဟုတ် ကျောင်းသားဦးရေ စုစုပေါင်း၏ ၄ ရာခိုင်နှုန်း သည် ကျောင်းထွက်ခဲ့ကြပြီး ယင်းသည် အစောပိုင်းတစ်နှစ်ကထက် ၁၀ ရာခိုင်နှုန်း ပိုများသည်။ အနည်းဆုံး စာသင်ကျောင်း ငါးကျောင်းခန့်သည်လည်း ပထမဆုံးအတန်း၌ ကျောင်းအပ်လက်ခံရမည့် အနည်းဆုံး ကျောင်းသားဦးရေ ၁၆ ဦးကို ပြည့်မီရရှိခြင်း မရှိသည့်အတွက် လာမည့်နှစ်များတွင် ကျောင်းပိတ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။ 

ကြီးလေးသော ပညာရေး ဖိအား နှင့်အတူ “မျိုးချစ် ပညာရေး” ကို အသားပေးသည့် နိုင်ငံတော်လုံခြုံရေးဥပဒေကို လွန်ခဲ့သည့် သုံးနှစ်အကြာက ဟောင်ကောင်တွင် ပြဋ္ဌာန်းလိုက်ခြင်းက မိမိတို့ကို ကိုယ်ချစ်သည့် မြို့မှ ထွက်ခွာစေရန် အကြောင်းဖန်ခဲ့ကြောင်း မိဘများနှင့် ဆရာများက ပြောသည်။ 

လများစွာကြာသည့် အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများကို ချေမှုန်းနှိမ်နင်းရန် ၂၀၂၀ ပြည့်နှစ်က အကောင်အထည်ဖော်ခဲ့သည့် ထို လုံခြုံရေး ဥပဒေသည် ခွဲထွက်ခြင်း၊ အဖျက်အမှောင့်၊ အကြမ်းဖက်မှုနှင့် ပြည်ပအစုအဖွဲ့များနှင့် ပူးပေါင်းကြံစည်ခြင်း အပါအဝင် ပြစ်မှုများအတွက် အမြင့်ဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည်အထိ ပြင်းထန်သော ပြစ်ဒဏ်များကို သတ်မှတ်ထုတ်ဖော်ခဲ့သည်။ 

အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများတွင် လူငယ်များ အလုံးအရင်းဖြင့် ပူးပေါင်းပါဝင်ခြင်းက စာသင်ကျောင်းများနှင့် တက္ကသိုလ်များ၌ ကျောင်းသားများကို ထိန်းသိမ်းကြပ်မတ်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်သည်ဟု အာဏာပိုင်တို့က အပြစ်ပုံချသည်။ အစိုးရအပေါ် မုန်းတီးခြင်းအတွက် မူလပေါက်ဖွားရာနေရာများအဖြစ် ရှုမြင်ခံရသည့် ပညာရေး အဖွဲ့အစည်းများသည် လက်ရှိအချိန်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းကို ခံနေရသည်ဟု နိုင်ငံတော်လုံခြုံရေးဥပဒေကို ချိုးဖောက်မိမည်စိုး၍ အမည်ထုတ်ဖော်ခြင်း မရှိသည့် ပညာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောသည်။ 

ပြီးခဲ့သည့် သုံးနှစ်အတွင်း ကျောင်းသားများအကြား မျိုးချစ်စိတ်ဓာတ်နှင့် “နိုင်ငံတော်လုံခြုံရေးအသိ” တိုးစေရန် အစီအမံများကို မိတ်ဆက်ခဲ့သည်။ မူလတန်းကျောင်းမှစပြီး ကျောင်းသားများသည် “ခွဲထွက်ခြင်း” ၊ “အဖျက်အမှောင့်” ၊ “အကြမ်းဖက် လုပ်ရပ်များ” နှင့် “ပြည်ပနိုင်ငံတစ်နိုင်ငံနှင့် ပူးပေါင်းကြံစည်ခြင်း” နှင့်ပတ်သက်သည့် အယူအဆ၊ အမြင်သဘောထားများကို သင်ယူကြရသည်။ အလားတူပင် ဆန်းစစ်ဝေဖန်နှိုင်းချင့်ပြီး မူမတူ ယှဉ်တွဲမှု လက်ခံသော တွေးခေါ်မှုကို ဖွံ့ဖြိုးစေရန် ရည်ရွယ်သည့် ဘာသာရပ် ဖြစ်သည့် လစ်ဘရယ် ဘာသာရပ် နေရာတွင် အာဏာပိုင်များကို သစ္စာစောင့်သိခြင်းကို အလေးပေးထားသည့် “နိုင်ငံသားဖြစ်မှုနှင့် လူမှု ဖွံ့ဖြိုးတိုးတက်မှု” ဘာသာရပ်ဖြင့် စက်တင်ဘာလမှစပြီး အစားထိုးသွားမည် ဖြစ်သည်။  

ဟောင်ကောင်၌ လွတ်လပ်ခွင့်များ အလျင်အမြန် ဆုတ်ယုတ်လျော့ပါးခြင်းကြောင့် မိမိအနေဖြင့် မိမိ၏ တစ်ဦးတည်းသော သားဖြစ်သူအတွက် ပိုမိုသင့်တော်သည့် ပုံမှန်ဘဝတစ်ခုကို ရှာဖွေရန် အကြောင်းဖန်လာခဲ့ကြောင်း ပီတာ၏ ဖခင်ဖြစ်သည့် ကယ်လ်ဗင် မက်ခ်က ပြောသည်။ 

“ကျွန်တော့်သားကို ဓမ္မဓိဋ္ဌာန်ကျတဲ့၊ မျှတတဲ့ စိတ်တစ်ခု ရှိစေချင်တယ်။ ဦးနှောက်ကျင်းမခံရစေချင်ပါဘူး။ သူတို့တွေ ဒီလို မပြောရဘူး၊ ဟိုလို မတွေးရဘူးဆိုပြီး ပိတ်ပင်ခံရမယ်ဆိုရင် သူတို့ဟာ အနာဂတ်ကမ္ဘာအတွက် အဆင်သင့်ဖြစ်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။ 

တစ်ချိန်တည်းမှာပင် ကလေးနှစ်ဦး၏ မိခင်ဖြစ်သည့် အီဗာလိုင်က သူမအနေဖြင့် လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းပြီးပြီးချင်း ဟောင်ကောင်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။ “ရှင့်အနေနဲ့ တစ်ခုခု မှားပြီး ပြောမိရုံနဲ့ ဒီဥပဒေကို ချိုးဖောက်ရာ ရောက်နိုင်ပါတယ်။ ကျွန်မ ကလေးတွေ ဒုက္ခရောက်မှာကို စိုးရိမ်တယ်” ဟု သူမက ပြောသည်။ 

၎င်းတို့၏ စိုးရိမ်ပူပန်မှုများက အကျိုးသင့်အကြောင်းသင့် ဖြစ်သည်။ ၂၀၂၂ ခုနှစ်က ဟောင်ကောင် စာသင်ကျောင်းတစ်ကျောင်းတွင် နိုင်ငံတော်သီချင်း သီဆိုမှုနှင့် အလံတင်အခမ်းအနားတစ်ခု၌ မတ်တတ်မရပ်သည့်အတွက် “ရိုသေလေးစားမှု ကင်းမဲ့သည့် အပြုအမူများ” ကျူးလွန်သည်ဟု ဆိုပြီး ကျောင်းသား ၁၄ ဦး ကျောင်းမှ ဆိုင်းငံ့ခံခဲ့ရသည်။ 

 

“ဆရာများ တစ်ချိန်လုံး ကိုယ်တိုင် ဆင်ဆာလုပ် စိစစ်ဖြတ်တောက်နေရ” 

ဆရာ၊ ဆရာမများလည်း စိတ်ဓာတ်ကျနေကြသည်။ အတွေးအမြင်စနစ် ပြဋ္ဌာန်းချက်အသစ်များအပြင် အပြစ်ရှာ ပြောစကားများအတွက် တိုင်ကြားခံရမည့်အရေး အမြဲတစေ ကြောက်လန့်နေရမှုတို့က မိမိတို့အပေါ် ထိခိုက်စေလျက်ရှိကြောင်း Guardian က အင်တာဗျူးခဲ့သည့် ဟောင်ကောင် ဆရာများက ပြောသည်။ 

တရားဝင် ဒေတာအချက်အလက်များအရ ပြီးခဲ့သည် ပညာသင်နှစ်က ဆရာဦးရေ ၆၅၀၀ ခန့်သည် ဟောင်ကောင်ကျောင်းများရှိ ၎င်းတို့၏ အလုပ်နေရာများမှ နုတ်ထွက် သို့မဟုတ် အငြိမ်းစားယူခဲ့ကြသည်ဟု သိရပြီး ယင်းက ၂၀၂၁ ခုနှစ် ပြည်ပထွက်ခွာမှု လှိုင်း မတိုင်မီ ပျမ်းမျှ ကိန်းဂဏန်း၏ နှစ်ဆနီးပါး ဖြစ်သည်။ ၎င်းတို့အနက် ထက်ဝက်ကျော်သည် အငြိမ်းစားယူရမည့် အသက်အပိုင်းအခြား မရောက်မီ နုတ်ထွက်ကြသူများ ဖြစ်သည်။ 

စက်တင်ဘာလ လာမည့် ပညာသင်နှစ်သစ်မှစပြီး ဆရာအသစ်များအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်ပြီး စာမေးပွဲများ မဖြစ်မနေ ဖြေဆိုအောင်မြင်ရန် လိုမည် ဖြစ်ပြီး တရုတ်သို့ လေ့လာရေးခရီးများ သွားရမည် ဖြစ်သည်။ 

လစ်ဘရယ် ဘာသာရပ်သင် ဆရာတစ်ဦးဖြစ်သည့် ရစ်ခ် တန်သည် အာဏာပိုင်တို့အပေါ် အွန်လိုင်းမှတစ်ဆင့် ဝေဖန်ခြင်းကြောင့် ၎င်း၏ ကျောင်းထံမှ နှစ်ကြိမ် သတိပေးခြင်းကို ခံရပြီးနောက် ကျောင်းမှ နုတ်ထွက်ခဲ့သည်။ 

“ကျောင်းမှာ အဆိပ်သင့် အငွေ့အသက်တွေက စိတ်မချမ်းမသာဖြစ်စရာကောင်းတယ်ဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။ “နိုင်ငံတော်လုံခြုံရေး ဥပဒေအောက်မှာ ခင်ဗျား အတန်းထဲမှာ ပြောတာဆိုတာတွေက အစိုးရကို ဝေဖန်တယ်လို့ အဓိပ္ပါယ်ဖွင့်လို့ရကောင်းရနိုင်ပြီး အဲဒါအတွက်နဲ့ ခင်ဗျားအပေါ် မကောင်းတဲ့ အမြင်တွေ ဖြစ်စေနိုင်တယ်” ဟု ၎င်းက ပြောသည်။ 

ပိတ်ပင်ကန့်သတ်မှုများကြောင့် ဆရာများအကြား စိတ်ဓာတ်ကျမှုများ ရှိစေခဲ့သည်ဟု အမည်မဖော်လိုသူ ကျောင်းအုပ်တစ်ဦးက ပြောသည်။ 

“အနီရောင်စည်းက ထင်ရာမြင်ရာ ဆက်ရွေ့နေတယ်။ ဒါကြောင့် ဆရာတွေဟာ တစ်ချိန်လုံး ကိုယ့်ဘာသာ ဆင်ဆာလုပ်နေကြရတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နှစ် ဇူလိုင်လအထိ ဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုအတွက် လူ ခုနစ်ဦးအထိ ၎င်းတို့၏ စာသင်ကြားရေး မှတ်ပုံတင်များ ပြန်ရုပ်သိမ်းခံခဲ့ရသည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြသည်။ ပြီးခဲ့သည့် နှစ်နှစ်အကြာကလည်း ဟောင်ကောင်မူလတန်းကျောင်းဆရာတစ်ဦးသည် စာသင်ကျောင်းခန်းထဲတွင် ကျောင်းသားများကို လွတ်လပ်ရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု၏ အယူအဆ အမြင်များကို ရှင်းပြစဉ် လွတ်လပ်ရေးကို လိုလားသော အချက်အလက်များ သုံးစွဲခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် စာသင်ကြားရေးမှတ်ပုံတင် ပယ်ဖျက်ခံခဲ့ရသည်။ 

လက်ရှိ အချက်အလက်ကိန်းဂဏန်းများအရ ကျောင်းသားဦးရေမှာ ဆက်လက် ကျဆင်းလိမ့်မည်ဟု ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတို့က ပြောသည်။ 

ဟောင်ကောင်၏ ကလေးမွေးဖွားနှုန်းက တစ်သမတ်တည်းအဖြစ် နိမ့်ကျနေချိန် နိုင်ငံရေး မရေရာ မသေချာမှုများက ယင်းအပေါ် ထပ်မံ ဖိစီးစေလျက်ရှိကြောင်း ဟောင်ကောင် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် လူမှုရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ပါမောက္ခ ချောင်ကင်မ်ဝါဟ်က ပြောသည်။ ဝင်ငွေ အလယ်အလတ်မြင့်သည့် နိုင်ငံများတွင် နိုင်ငံရေး လွတ်လပ်ခွင့်များ ဆိုးဝါးလာခြင်းက ကလေးမွေးဖွားမှုနှုန်းအပေါ် ကျဆင်းစေသည့် ဖိအားကို ဖြစ်စေကြောင်း ၂၀၁၆ ခုနှစ် လေ့လာချက်တစ်ရပ်တွင် တွေ့ရှိသည်။ 

ပိတ်ပင်ကန့်သတ်မှုအားလုံးအောက်တွင် ဟောင်ကောင်၏ နောက်မျိုးဆက်သစ်အနေဖြင့် အလျင်အမြန် ပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ရင်ဆိုင်နိုင်သည့် ကျွမ်းကျင်အရည်အချင်းများ ကင်းမဲ့နေမည်ကို ဟောင်ကောင်ကျောင်းအုပ်ဆရာက စိုးရိမ်ပူပန်နေသည်။ 

“ခင်ဗျားအနေနဲ့ လူငယ်တွေကို တီထွင်ဖန်တီးမှု၊ ဖြန့်ကျက်တွေးတောမှုနဲ့ တခြား ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ အရည်အချင်းတွေ ရှိစေချင်တယ်ဆိုရင် ပညာရေးမှာ လွတ်လပ်မှု ရှိဖို့ လိုပါတယ်။ ကျိုးနွံနာခံတာနဲ့ သစ္စာရှိမှုနဲ့တော့ အဲဒါကို မရနိုင်ဘူး” ဟု ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly