မန္တလေးတိုင်း NLD ဒု ဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာ

By 007 (မဇ္ဈိမ)
12 May 2023
မန္တလေးတိုင်း NLD ဒု ဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာ

မန္တလေးတိုင်း မန္တလေးကဆန္ဒပြပွဲများ ဦးဆောင်မှု စွပ်စွဲချက်ဖြင့်၊ ဖမ်းဆီးထောင်ချခံထားရသည့် NLD ပါတီ မန္တလေးတိုင်းဒု ဥက္ကဋ္ဌဒေါ်၀င်းမြမြ၊ မန္တလေးအိုးဘိုထောင်မှပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုက်အ၀န်းမှ သိရသည်။

"အခုမနက်ပြန်လွတ်လာတယ်၊ ဘယ်လိုအခြေအနေနဲ့ပြန်လွတ်တယ်ဆိုတာတော့ သူ့မိသားစုကပဲသိမှာပါ၊ လွတ်လာတာတော့အမှန်ပဲ၊ လျှော့ရက်တွေနဲ့ လွတ်ရက်စေ့လို့ပြန်လွတ်လာတာလို့လည်းသိရတယ်" ဟု ၎င်းနှင့် နီးစပ်သည့် မန္တလေးနိုင်ငံရေးအသိုက်အ၀န်းမှ တစ်ဦးကပြောသည်။

ဒေါ်၀င်းမြမြကို၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က၊ အာဏာသိမ်းစစ်ကောင်စီတပ်ကဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ မန္တလေးမြို့ကဆန္ဒပြပွဲများတွင် ဦးဆောင်ပါ၀င်ကြောင်းစွပ်စွဲချက်ဖြင့်၊ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ထို့နောက် ထိုနှစ်ဇွန်လ ၂၉ ရက်နေ့တွင်၊  မန္တလေးအိုးဘိုထောင်တရားရုံးက ထောင်ဒဏ် သုံးနှစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စလာမ်ဘာသာ၀င်တစ်ဦးလည်းဖြစ်သော အသက် ၇၀ ကျော်အရွယ်ဒေါ်၀င်းမြမြသည်၊ ရှစ်လေးလုံး လူထုအရေးတော်ပုံခေတ်နောက်ပိုင်း၊ နိုင်ငံရေးအစဉ်အလာကောင်းဖြင့် ကျော်ကြားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းတွင် ဒဏ်ရာများစွာဖြင့် အသက်မသေဘဲလွတ်မြောက်လာပြီးနောက်၊ တစ်မိသားစုလုံး ထောင်ချခံရခြင်း၊ နေအိမ်နှင့်လုပ်ငန်းများ ပိတ်သိမ်းခံရခြင်းတို့ဖြင့် ကြုံတွေ့ခဲ့ရသည်။

ထို့နောက် NLD ပါတီ မန္တလေးတိုင်းတွင်၊ ရာထူးအဆင့်ဆင့်ဖြင့် တာ၀န်ပေးအပ်ခံရပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly