ဝန်ထုပ်ဝန်ပိုးများ ပိုပိလာစေပြီး ဆွဲဆောင်နိုင်စွမ်း ကျသည်ထက် ကျလာသည့် တရုတ်၏ BRI စီမံကိန်း

By Khabarhub
12 May 2023
ဝန်ထုပ်ဝန်ပိုးများ ပိုပိလာစေပြီး ဆွဲဆောင်နိုင်စွမ်း ကျသည်ထက် ကျလာသည့် တရုတ်၏ BRI စီမံကိန်း

မကြာသေးခင်က ထွက်ပေါ်ခဲ့သည့် သတင်းများတွင် အီတလီနိုင်ငံသည် သက်တမ်းကုန်တော့မည့် တရုတ်နှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) သဘောတူညီချက်ကို လာမည့်နှစ်စပိုင်းတွင် သက်တမ်းတိုးဖွယ်ရာ မရှိကြောင်းကို ဖော်ပြနေသည်။ 

လက်ဆုပ် လက်ကိုင် ပြနိုင်သော ရလဒ်များ မရှိခြင်းနှင့် တင်းမာမှုများ တိုးလာခြင်းတို့ကြောင့် တရုတ်၏ စီမံကိန်းအပေါ် စိတ်ပါဝင်စားမှု လျော့နည်းလာခြင်းကို   အဆိုပါ သတင်းများက ညွှန်ပြလျက် ရှိသည်။

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်ကလည်း BRI စီမံကိန်းအပေါ် အားမလို အားမရ ဖြစ်ကြောင်း ထုတ်ဖော်ပြီး မကြာမီ ဖြစ်ပေါ်လာဖွယ်ရှိသည့် ဘဏ္ဍာရေး အကျပ်အတည်းနှင့်ပတ်သက်ပြီး သတိပေးခဲ့သည်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် တရုတ်အပေါ် အနောက်အုပ်စု၏ တုံ့ပြန်မှုတို့ကြောင့်လည်း စီမံကိန်း မအောင်မြင်မှုကို အရှိန်မြန်စေခဲ့သည်။

BRI အောက်တွင် လက်မှတ်ထိုးသည့် စီမံကိန်းသစ် အရေအတွက်မှာ ပြီးခဲ့သည့်နှစ်များအတွင်း ကျဆင်းခဲ့ပြီး တရုတ်ကုမ္ပဏီများသည် အိမ်ရှင်နိုင်ငံများရှိ စိတ်ပါလက်ပါ လိုလိုလားလား ရှိသော မိတ်ဖက်ပါတနာများကို ရှာတွေ့ရန် ခက်ခဲလျက် ရှိသည်။

၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ရုရှား၊ အန်ဂိုလာ၊ သီရိလင်္ကာ၊ နီပေါ နှင့် ပီရူး အပါအဝင် မိတ်ဖက် နိုင်ငံ ၁၄ နိုင်ငံ၌ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ BRI ၏ ပါဝင်ပတ်သက်မှုပိုင်းတွင် ၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းရှိ FISF ဖူဒန်တက္ကသိုလ်၏ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေး စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်ပြည်တွင်း၌လည်း BRI အတွက် တွန်းအားပေးမှုက အားလျော့နေခဲ့သည်။ ပိုမိုခက်ခဲလာသော ကမ္ဘာလုံးဆိုင်ရာ ပထဝီမဟာဗျူဟာ ဝန်းကျင်အခြေအနေနှင့်အတူ တရုတ်၏ စီးပွားရေးသည် အိမ်ခြံမြေကဏ္ဍ၏ ကျုံ့ဝင်ခြင်း၊ လူဦးရေ လျော့ကျခြင်းနှင့် ကုန်ထုတ်စွမ်းအား တိုးတက်မှု နှေးကွေးခြင်းကဲ့သို့ သိသာထင်ရှားသော လေဆန်များနှင့် ရင်ဆိုင်နေရသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အတွက် ပါကစ္စတန်တွင် တရုတ်၏ ပါဝင်ပတ်သက်မှုက ၃၄ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည်။ အာဖရိက ဆာဟာရ ဒေသခွဲတွင်လည်း ၂၀၂၁ နှင့် ယှဉ်ပါက ၂၀၂၂ တွင် ဆောက်လုပ်ရေး (၄၄ ရာခိုင်နှုန်း လျော့ကျ) နှင့် ရင်းနှီးမြှုပ်နှံမှု (၆၅ ရာခိုင်နှုန်း လျော့ကျ) ကဏ္ဍနှစ်ခုစလုံးတွင် တရုတ်၏ ပါဝင်ပတ်သက်မှုက များစွာ လျော့ကျထားခဲ့သည်။ 

အလားတူ အနောက်အာရှတွင်လည်း တရုတ်၏ ပါဝင်ပတ်သက်မှုတွင် သိသာထင်ရှားသည့် လျော့ကျမှုများကို မြင်တွေ့ရသည်။ အီကွေဒေါရှိ Coca Codo Sinclair ရေအားလျှပ်စစ် စီမံကိန်းနှင့် အန်ဂိုလာရှိ အိမ်ရာ စီမံကိန်းကဲ့သို့ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ဆောက်လုပ်ရေးဆိုင်ရာ ချို့ယွင်းချက်များနှင့်ပတ်သက်ပြီး BRI ပါတနာ နိုင်ငံများထံမှ စိုးရိမ်ပူပန်မှုများ မြင့်တက်နေခဲ့သည်။

အခြားသော စိုးရိမ်ပူပန်မှုများထဲတွင် အကျင့်ပျက်ခြစားမှုနှင့် ကြွေးမြီများ၊ ဘဏ္ဍာရေး ပြဿနာများကြောင့် တရုတ်ကုမ္ပဏီများဘက်မှ စီမံကိန်း ဖျက်သိမ်းမှုများ၊ လွန်ကဲစွာ ပိုလွန်တန်ဖိုးဖြတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ အရည်အသွေး နိမ့်ကျခြင်းအပြင် ကျေနပ်လောက်စရာ အမြတ်အစွန်းများ မည်သည့်အခါမှ ဖြစ်ထွန်းရရှိဖွယ်ရာ မရှိသည့် ကိုလံဘိုရှိ ကုန်သွယ်ရေးစင်တာတစ်ခုနှင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းကဲ့သို့ ဆက်ထိန်းမထားနိုင်သော စီမံကိန်းများ ပါဝင်သည်။

တရုတ်၏ BRI နှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံ စီမံကိန်းများ၏ ၃၅ ရာခိုင်နှုန်းသည် အကျင့်ပျက်ခြစားမှု၊ အလုပ်သမားဆိုင်ရာ ဖိနှိပ်မှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေခြင်းနှင့် အများပြည်သူ၏ ဆန့်ကျင်မှုတို့ဖြင့် ပတ်ချာဝိုင်းခံနေရပြီး နိုင်ငံအများအပြားသည် အဓိက စီမံကိန်းများကို ပယ်ဖျက် သို့မဟုတ် ဆိုင်းငံ့ထားကြောင်း AidData ၏ ၂၀၂၁ ခုနှစ် လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

China’s BRI becoming increasingly burdensome, unappealing

https://english.khabarhub.com/2023/11/303452/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly