မီဇိုရမ် - မြန်မာနယ်စပ်ဂိတ်ကို ဒေသခံလူငယ်အဖွဲ့က တစ်ပတ် ၃ ရက်ပြန်ဖွင့်ပေး 

By ပါခွီး (မဇ္စျိမ)
11 May 2023
မီဇိုရမ် - မြန်မာနယ်စပ်ဂိတ်ကို ဒေသခံလူငယ်အဖွဲ့က တစ်ပတ် ၃ ရက်ပြန်ဖွင့်ပေး 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်အတွင်းရှိ နယ်စပ်ဂိတ်များကို ဒေသခံလူငယ်အဖွဲ့အစည်းဖြစ်သည့် မရာလူငယ်အဖွဲ့ (MPT) မှ တစ်ပတ်လျှင် သုံးရက် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများ စောင့်ရှောက်ရေးကော်မတီ (ကျပီး) ထံက သိရသည်။ 

“ဂိတ်တွေပြန်ဖွင့်ရတာကတော့ မြန်မာပြည်ဘက်မှာ စားနပ်ရိက္ခာအခက်ခဲဖြစ်နေတဲ့အတွက် လို့ပြောတယ်။ မဖွင့်တဲ့ရက်မှာတော့ ဟိုဘက်ဒီဘက်သွား လာလို့ရတော့၊ စားကုန်နဲ့ ပစ္စည်းတွေ အပြန်အလှန်ဖလှယ်လို့ရတယ်။ အလုပ်အကိုင်နဲ့ သာရေးနာရေးကိစ္စတွေအတွက်လည်း အဆင်ပြေသွားတာပေါ့” ဟု စစ်ဘေးရှောင် ပြည်သူများရှောက်စောင့်ရေးကော်မတီ - ကျပီး ၊ ဥက္ကဌ ဦးဖေလီကာ က မဇ္စျိမကိုပြောသည်။ 

မေလ ၈ ရက်နေ့တွင် ၎င်းတို့ထံသို့ လူငယ်အဖွဲ့မှတာဝန်ရှိသူများ လာရောက်ပြီး နယ်စပ်ဂိတ် ပြန်လည်ဖွင့် လှစ်ပေးမည်ဟု အသိပေးခဲ့ခြင်းဖြစ်သည်။

ကျပီး (အိန္ဒိယ) - လုံကြွေး (မြန်မာ) နယ်စပ်ဂိတ်ကို တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ ၊ဗုဒ္ဓဟူး သုံးရက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။ 

မရာလူငယ်အဖွဲ့ (MPT) ၏ ဌာနချုပ်မှ ညွှန်ကြားချက်တွင် တစ်ပတ်သုံးရက် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ စနေနေ့များဖြစ်ကြသည်။ ကျန်ရက်များတွင် ၂၄ နာရီပိတ်ထားမည်ဖြစ်ကာ သာရေးနာရေးမှအပ အဝင်အထွက် ခွင့်မပြုကြောင်းလည်းသိရသည်။

သို့သော် ဆိုင်ဟားခရိုင်အတွင်း ကျပီး ၊ ရောင်းလီ ၊ နဒီ ၊ ခိုင်ခေါင် အပါအဝင် နယ်စပ်ဂိတ် ခြောက်ခုရှိသောကြောင့် နယ်မြေအခြေအနေပေါ်မူတည်၍ ဖွင့်သည့်ရက်များမတူညီကြကြောင်းဆိုသည်။

မတ်လ ၁၉ရက်နေ့တွင်  မြန်မာနိုင်ငံသားတချို့က  မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်ရှိ လူသုံးဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဒေသခံလူငယ်များက တရားခံများဖမ်းဆီးနိုင်ရေးနှင့် ၎င်းတို့ထံသို့ လွှဲပြောင်းမပေးမချင်း နယ်စပ်ဂိတ်များကို ပိတ်ထားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။ 

သို့သော် လက်ရှိအခြေအနေတွင် ကျပီးကျေးရွာဘက်တွင် လူသတ်မှုနဲ့ ပတ်သက်၍ အများစုမှာ တင်းမာသောသဘောထားများမရှိကြဘဲ ယခုဂိတ်များဆက်လက်ပိတ်ပင်ရခြင်းသည် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုကို တားဆီးနိုင်ရန်အတွက်ဖြစ်ကြောင်း လူငယ်အဖွဲ့အစည်းများက ပြောဆိုသည်ဟုသိရသည်။ 

နယ်စပ်ဂိတ်များ အကန့်အသတ်ဖြင့်ဖွင့်လှစ်သဖြင့် ကယ်ရီလုပ်ငန်းစသော နေ့စားလုပ်ငန်းအချို့ ပြန်လည်အဆင်ပြေနိုင်သော်လည်း ကျပီးကျေးရွာရှိ CDM များနှင့် စစ်ဘေးရှောင်ပြည်သူများမှာ စားဝတ်နေရေး အခက်ကြုံနေရဆဲဖြစ်ကြောင်း  စစ်ဘေးရှောင် ပြည်သူများရှောက်စောင့်ရေး ကော်မတီ - ကျပီး ၊ ဥက္ကဋ္ဌ ကအသိပေးခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly