ဖားကန့် လုံးခင်းရတနာမြေမှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

By အဂမ် (မဇ္ဈိမ)
10 May 2023
ဖားကန့် လုံးခင်းရတနာမြေမှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်လုံးခင်းရတနာမြေဒေသဟာ ကေအိုင်အေနဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့နဲ့ မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွါးတဲ့ နေရာဖြစ်ပါတယ်။

စစ်ရေးအပြင်းထန်ဆုံး စစ်မျက်နှာတစ်ခုဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ထိတွေ့တိုက်ပွဲရဲ့နောက်ကွယ်မှာ စစ်ကောင်စီတပ်တွေဟာ ၂၀၂၃ခုနှစ်အစောပိုင်းကစပြီး လုံးခင်းရတနာမြေမှာ နယ်မြေရှင်းလင်းရေးဆိုတာကို ခပ်စိပ်စိပ်ပြုလုပ်လာကြပါတယ်။

စစ်ကောင်စီစစ်သားတွေက တစ်မှော်ပြီး တစ်မှော်၊ တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်လာပြီး နေအိမ်တံခါးတွေကို ရိုက်ဖွင့်ပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေလုပ်လာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် လမ်းသွားလမ်းလာပြည်သူတွေကို လည်း ပိတ်ဆို့ဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ဖားကန့်မြို့နယ် ဆိုင်းဖရာရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ရွာခံတွေကို ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးသွားတဲ့ ရွာခံတွေကို စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအဖြစ် အသုံးပြုပြီး စစ်ကြောင်းမှာ လိုက်ပါခိုင်းပါတယ်။ဆိုင်းဖရာရွာက ကလေးတွေ၊ ကလေးမိခင်တွေ၊ သက်ကြီးရွယ်အို အဖိုးအဖွားတွေပါမကျန် အယောက် ၁၀၀ကျော် ဖမ်းဆီးသွားပြီး အယောက် ၈၀ လောက်ကို လူသားဒိုင်းအဖြစ်အသုံးပြုသွားကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လမ်းမှာ ကေအိုင်အေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ကြုံရပြီး ရွာခံအမျိုးသမီးတစ်ဦး သေဆုံး ၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဖားကန့်လုံးခင်းရတနာမြေမှာ ဘာတွေဖြစ်နေလဲ။ဒီရုပ်သံဖိုင်မှာကြည့်ရူနိုင်ပါတယ်။

သတင်း - အဂမ်
တင်ဆက်၊တည်းဖြတ် - မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly