ဘဝရဲ့ အနှစ်သာရ

အယ်နီညိုအကျိုးဆက်ကြောင့် ရေရှားပါမှု ပြဿနာကြုံတွေ့လာပါက စိုက်ပျိုးရေးကို အဓိကထားနေရာတဲ့ မြန်မာနိုင်ငံအတွက် အထောက်အကူဖြစ်စေမယ့် Drip Irrigation နည်းလမ်း (ရေအစက်ချ၍ ပေးဝေသောနည်းလမ်း) အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Daniel Zohar Zonshine ကရေးသားထားတာပါ။

မကြာသေးမီက အယ်လ်နီညိုအကြောင်းနဲ့ သူ့ရဲ့ အကျိုးဆက်ဖြစ်တဲ့ ရေရရှိရေးပြဿနာ မြန်မာနိုင်ငံမှာ ကြုံတွေ့နိုင်ကြောင်းကို ကျွန်တော်တို့ အများကြီး ကြားခဲ့ရပါတယ်။ ဒါကြောင့် လူတွေတော်တော်များများဟာ ဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာတွေ၊ ရေရှားပါးမှှု ပြဿနာတွေနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ ဘဝတွေမှာ ရေရဲ့ အရေးကြီးပုံ၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း ကိစ္စနဲ့ ဘဝအရည်အသွေးတွေအပေါ်မှာ ရေ ရဲ့ အကျိုးသက်ရောက်မှှု ရှိပုံတွေကို အသေးစိတ် ရှင်းပြဖို့ လိုလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ရေဟာ လူတစ်ဦးချင်းစီအတွက်၊ လူမှှုအဖွဲ့အစည်းအတွက် နဲ့ နိုင်ငံအတွက် အဖိုးတန် ပစ္စည်းပါ။ အဖိုးတန်ပစ္စည်း ဖြစ်တဲ့အတွက် ရေအသုံးချရေးနဲ့ ပတ်သတ်ပြီး အဆင့်တိုင်းမှာ မှန်မှန်ကန်ကန် စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။

ရေအရင်းအမြစ် စီမံခန့်ခွဲရေး နည်းလမ်းတစ်ခုကတော့ ရေတွေ အများဆုံး အသုံးပြုရတဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ ရေကို အမြော်အမြင်ရှိရှိ အသုံးချခြင်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က ငယ်ရွယ်တဲ့ အစ္စရေး ရေအသုံးချရေးဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Simcha Blass ဟာ ထူးခြား ဖြစ်စဉ်တစ်ခုကို မြင်တွေ့ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အတူတူ စိုက်ပျိုးခဲ့ပြီး ညီတူညီမျှ ဂရုစိုက်ခဲ့တဲ့ သစ်ပင်တွေထဲမှာ တစ်ပင်ဟာ တခြားအပင်တွေထက် ပိုပြီး ထူးထူးခြားခြား မြင့်မားပြီးတော့ တခြားအပင်တွေထက် ပိုဖွံ့ဖြိုးနေပါတယ်။ သူ သေသေချာချာ လေ့လာကြည့်လိုက်တော့ အဲဒီ ထူးခြားတဲ့သစ်ပင်နားက ရေပိုက်မှာ အပေါက်သေးသေးလေး တစ်ခု မြင်ရပြီး၊ ရေတွေ တစ်စက်ချင်း ကျနေတာပါ။ သူဟာ အဲဒီ တွေ့ရှိမှှုကို အခြေခံပြီး၊ drip irrigation လို့ ကျွန်တော်တို့ ဒီနေ့ ခေါ်ဝေါ်ကြတဲ့ ရှေ့ပြေးပုံစံကို နောက်နှစ်အနည်းငယ် အကြာမှာ ဖန်တီးနိုင်ခဲ့ပါတယ်။

Drip irrigation ဆိုတာဟာ ရေပိုက်ထဲမှာ ထည့်သွင့်ထားတာ ရှှုပ်ထွေးနက်နဲတဲ့ စနစ်ကို ဖြတ်ပြီး အပင်ရဲ့ အမြစ်ဆီကို ရေပမာဏ အကန့်အသတ်နဲ့ ပို့ဆောင်တဲ့ နည်းပညာပါ။ Flooding ၊ Sprinkling စတဲ့ တခြား ရေပေးစနစ် နည်းလမ်းတွေနဲ့ မတူတာက ဒီစနစ်ဟာ အပင်ကိုပဲ တိုက်ရိုက် ရေပေးတာပါ။ ဒါကြောင့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။

·  ရေကို ချွေတာနိုင်ခြင်း - ရေပမာဏ တစ်ဝက်လောက်ကိုပဲ သုံးရပါတယ်။

·  စွမ်းအင်ကို ချွေတာနိုင်ခြင်း - ရေအများစုကို ရေတွင်းတွေ၊ မြစ်တွေ၊ တူးမြောင်းတွေဆီကနေ ရေတင်ရတာပါ။ ဒါကြောင့် ရေပမာဏ လျှော့သုံးခြင်းဟာ ရေစုပ်ထုတ်ဖို့ စွမ်းအင် လျှော့သုံးရခြင်းလည်း ဖြစ်ပါတယ်။

·  မြေသြဇာကို ချွေတာနိုင်ခြင်း - ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ မြေသြဇာတွေကို သုံးပြီးတော့ ရေပိုက်တွေကနေ တစ်ဆင့် အစက်ချပေးခြင်းအားဖြင့် ဓာတ်မြေသြဇာတွေကို လျှော့သုံးနိုင်မှာ ဖြစ်ပါတယ်။

·  ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ လျှော့သုံးနိုင်ခြင်း - ရေပေးဝေတဲ့ ဧရိယာဟာ အများကြီး ပိုသေးငယ်ပြီး ပေါင်းပင်တွေ ပိုလျော့နည်းမှာ ဖြစ်တဲ့အပြင်၊ စိုက်ထားတဲ့ အပင်တွေရောဂါဖြစ်ဖို့ အားပေးတဲ့ စိုထိုင်းဆကို လျှော့ချနိုင်မှာမို့ အဲဒါတွေကို တိုက်ဖျက်ရမယ့် အရင်းအမြစ်တွေကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။

·  အထွက်တိုးခြင်း - အပင်တွေဟာ သူတို့လိုအပ်တဲ့ ရေ နဲ့ မြေသြဇာ ပမာဏ အတိအကျကို တိတိကျကျ ရမှာဖြစ်လို့ ရလဒ်နဲ့ သီးနှံအထွက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။

·  သဘာဝပတ်ဝန်းကျင် ထိခိုက်မှှု လျော့နည်းခြင်း - အပင်တွေအတွက် ဓာတုပစ္စည်း လိုအပ်သလောက်ကိုပဲ အတိအကျ သုံးနိုင်မှာ ဖြစ်လို့ ဓာတုပစ္စည်း သုံးရတာ ပိုနည်းသွားမှာ ဖြစ်လို့၊ မြေအောက်က ရေတွေထဲ ဓာတုပစ္စည်းတွေ စိမ့်ဝင်ရောက်ရှိ ပျံ့နှံ့မှှု လျော့နည်းသွားမှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှှုကို လျှော့ချနိုင်မှာပါ။

ဒါပေမဲ့ drip irrigation နည်းပညာဟာ ပဉ္စလက်ဆန်တဲ့ အဖြေတစ်ခု မဟုတ်ဘူး ဆိုတာကိုတော့ ကျွန်တော်တို့ သတိရသင့်ပါတယ်။ ဒီနည်းစနစ်ဟာ ထိရောက်မှှု ရှိပေမယ့် ဒါဟာ စိုက်ပျိုးနည်းစနစ်တွေ၊ အထွေထွေ ရေအရင်းအမြစ် စီမံခန့်ခွဲမှှုတွေ၊ ရိတ်သိမ်းချိန်အလွန် ဆောင်ရွက်မှှုတွေ နဲ့ နည်းပညာတွေ၊ ဈေးကွက် ဝင်ရောက်ရေး ကိစ္စတွေ၊ စတာတွေကို ထည့်သွင်းစဉ်းစားရမယ့် လုပ်ငန်းစဉ်ကြီးရဲ့ အစိတ်အပိုင်း တစ်ရပ်ပဲ ဖြစ်ရပါမယ်။ အဲဒီ အစိတ်အပိုင်းတွေကို စိုက်ပျိုးထုတ်လုပ်ရေး နဲ့ ဈေးကွက်ဝင်ရောက်ရေး လုပ်ငန်းစဉ်ထဲမှာ ဟန်ချက်ညီညီ ပေါင်းစပ်ခြင်းအားဖြင့် လယ်သမားတွေဟာ သူတို့ရဲ့ လုပ်အားအတွက် ဝင်ငွေတွေ ပိုရလာနိုင်ပြီး သူတို့ရဲ့ စားဝတ်နေရေး တိုးတက်လာမှာပါ။

မိုးနည်းရပ်ဝန်းမှာ ရှိတဲ့ အစ္စရေးနိုင်ငံဟာ အရမ်းရှားပါးတဲ့ ရေ အပါအဝင် သဘာဝအရင်းအမြစ်တွေကို ပိုပြီး ထိထိရောက်ရောက် အသုံးချဖို့အတွက် နည်းစနစ်တွေ ဖန်တီးကြံဆရပါတယ်။ Drip irrigation စနစ်တွေနဲ့ ပတ်သတ်ရင် အစ္စရေးဟာ ရှေ့ဆောင်နိုင်ငံ ဖြစ်ပြီး၊ drip irrigation ဆိုင်ရာ အစ္စရေး ပစ္စည်းတွေဟာ ကြာရှည်ခံပြီး စိတ်ချရတယ်၊ ကွဲပြားခြားနားတဲ့ သီးနှံပင်တွေအတွက် လိုအပ်တဲ့ ရေ နဲ့ ဓာတ်မြေသြဇာ ပမာဏကို အတိအကျ ပို့ဆောင်ပေးနိုင်လို့ သီးနှံ အထွက်တိုးတယ် ဆိုပြီး နာမည်ကောင်း ထွက်ပါတယ်။ အဆင့်အတန်းမြင့်ပြီး စနစ်ကျတဲ့ ရေ စီမံခန့်ခွဲမှှု အပြင် drip irrigation စနစ် နဲ့ တခြားစနစ်တွေလို အဆင့်မြင့် နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် အစ္စရေးဟာ အရည်အသွေးမြင့် စိုက်ပျိုးရေး စနစ်ကို အကောင်အထည်ဖော်နိုင်ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဒီအသိပညာတွေ နဲ့ နည်းပညာတွေကို ဝေမျှဖို့ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် နည်းလမ်းသစ်တွေကိုလည်း ကျွန်တော်တို့ အမြဲတမ်း ရှာဖွေနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly