ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

By ဂန္ဒမာ(မဇ္ဈိမ)
07 May 2023
ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ပြီး ယနေ့ မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တစ် ကျွန်းချမှတ်လိုက်တာနဲ့ပတ်သတ်ပြီးတော့ရယ်၊ အကြမ်းဖက် ဖက်ဆစ် စစ်တပ်က မတရားပြုလုပ်ကျင်းပ လာမယ့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့အတွက် ပြည်သူလူထုကို နှိုးဆော်ခဲ့တာဖြစ် ပါတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)မှ ပြောရေးဆိုခွင့် ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် “တော်လှန်ရေးသမားကို သေဒဏ်ပေးရုံနဲ့ တော်လှန်ရေးက သေဒဏ်မကျဘူး” ဆို သည့်စာတန်းချိတ်ဆွဲကာ တော်လှန်ရေးကိုသတ်လို့မသေကြောင်းဖော်ပြခဲ့ပြီး “ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်တိုက်ဖျက်ကြ”စာတန်းချိတ်ဆွဲ၍လည်း စစ်ကောက်စီတပ်မှ ကျင်းပ ပြုလုပ်မည့်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန် တိုက်တွန်းခြင်းဖြစ်ကြောင်း သိရသည်။ 

လှုပ်ရှားမှုပြုလုပ်ခဲ့ချိန်တွင် ကြီးမားသောအခက်အခဲမရှိခဲ့သော်လည်း ရန်ကုန်တွင် လုံခြုံရေးတင်းကြပ် ထားသည့်ကြားက လျှင်မြန်အောင်မြင်စွာ အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required