အကယ်ဒမီဆုပေးပွဲကို သပိတ်မှောက်ရန် “ဇေယျာတိုင်းရဲ့  ၅/ လူထုသပိတ်” တိုက်တွန်း

By မောင်ခက်နွေ(မဇ္ဈိမ)
06 May 2023
အကယ်ဒမီဆုပေးပွဲကို သပိတ်မှောက်ရန် “ဇေယျာတိုင်းရဲ့  ၅/ လူထုသပိတ်” တိုက်တွန်း

နေပြည်တော်၌ ယနေ့ မေလ ၆ရက်တွင် ကျင်းပပြုလုပ်မည့် အကယ်ဒမီဆုပေးပွဲကို သပိတ်မှောက်ရန် "ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်"က ယမန်နေ့ မေ ၅ ရက်က  လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ ကြောင်း သိရသည်။ 

“စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ကြိုးပမ်းတဲ့ ရည်ရွယ်ချက် အထမမြောက်အောင် အကယ်ဒမီပေးပွဲကို မကြည့်ဘူး။ 
အကယ်ဒမီပေးပွဲကို စိတ်မဝင်စားဘူး။ 
အကယ်ဒမီပေးပွဲအကြောင်း မပြောဘူး။
အကယ်ဒမီပေးပွဲအကြောင်း မမျှဝေဘူး”
စတဲ့ အချက်လေးတွေကို လုပ်ဆောင်ရင်း အကယ်ဒမီပေးပွဲကို သပိတ်မှောက်ကြဖို့လိုတယ်"ဟု သပိတ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုလှုပ်ရှားမှုကို "အကယ်ဒမီကို သပိတ်မှောက် (Boycott) မယ်" စာသားများ  ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

“နိုင်ငံအနှံ့ စစ်ကောင်စီကြောင့် ဒုက္ခအခက်အခဲများစွာ ရင်ဆိုင်နေရတဲ့ပြည်သူတွေ ၊ စစ်ဒဏ်သင့်နေတဲ့ မိသားစုဝင်တွေအပါအဝင် တော်လှန်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ငဲ့ကွက်သောအားဖြင့် စစ်ကောင်စီက ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အပြင်းအထန် Boycott လုပ်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက မဇ္ဈိမကို  ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမတွင် ကျင်းပခဲ့သော “မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး” တွင် ယခုနှစ် ကျင်းပမည့် အကယ်ဒမီပေးပွဲသို့ အနုပညာရှင်များ မပျက်မကွက် တက်ရောက်ကြရန် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး  ဦးမောင်မောင်အုန်းက သတိပေး ပြောဆိုခဲ့သေးသည်။

၂၀၁၉ခုနစ် ၊၂၀၂၀ခုနှစ်နှင့် ၂၀၂၂ ခုနှစ် သုံးနှစ်စာအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ယနေ့ မတ်လ ၆ ရက်နေ့တွင် နေပြည်တော် လဟာပြင်ကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီး  စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု ကြေညာထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly