ရွေးကောက်ပွဲကြောင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် မတက်ရောက်

By Jakarta Globe
06 May 2023
ရွေးကောက်ပွဲကြောင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် မတက်ရောက်
Photo-AFP

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းငယ်သာ လို၍ အင်ဒိုနီးရှားနိုင်ငံ လာဘူအန် ဘာဂျိုမြို့တွင် မေ ၁၀ နှင့် ၁၁ ရက်တွင် ကျင်းပမည့် ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက တက်ရောက်လိမ့်မည် မဟုတ်ပေ။

“ထိုင်းဝန်ကြီးချုပ်က သူ့အနေနဲ့ မေ ၁၄ ရက်မှာ ထိုင်း အထွေထွေ ရွေးကောက်ပွဲ ရှိတာမို့ ထိပ်သီးအစည်းအဝေးကို မတက်ရောက်ဘူးလို့ ပြောလာပါတယ်၊ သူရဲ့ အထူးသံတမန်အဖြစ် သူ့ လက်ထောက်ဝန်ကြီးချုပ်ကို တာဝန်လွှဲပေးထားပါတယ်”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ဂျကာတာတွင် သတင်းထောက်များအား ပြောသည်။

ပရာယွတ် ချန်အိုချာ မတက်ရောက်ခြင်းကြောင့် နိုင်ငံခြားရေး မူဝါဒများ ဆွေးနွေးပွဲများ၌ အာဆီယံ ၈ နိုင်ငံမှ ခေါင်းဆောင်များသာ တက်ရောက်ဖြစ်မည် ဖြစ်သည်။ အာဆီယံသည် ငြိမ်းချမ်းရေး အစီအစဉ် ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သဖြင့် အဖွဲ့ကြီး၏ ထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံအား တက်ရောက်ခြင်းကို တားမြစ်ထားသည်။

“ရှစ်နိုင်ငံ ခေါင်းဆောင်တွေအပြင် အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ အရှေ့တီမော ဝန်ကြီးချုပ်တို့လည်း ၄၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ တက်ရောက်လိမ့်မှာ ဖြစ်တယ်”ဟု ရတ်နိုက ပြောသည်။

အရှေ့တီမောနိုင်ငံအား အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုရန် ပြီးခဲ့သည့်နှစ်၌ အာဆီယံသည် မူအားဖြင့် သဘောတူခဲ့သည်။ အရှေ့တီမောက စောင့်ကြည့်သူ အဆင့် ခွင့်ပြုထားသဖြင့်လည်း ထိပ်သီးအစည်းအဝေးများ အပါအဝင် အာဆီယံ၏ အစည်းအဝေးတိုင်းကို ယင်းနိုင်ငံအနေဖြင့် တက်ရောက်ခွင့် ရှိထားသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် မေ ၉ ရက်တွင် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ရတ်နိုက ဆိုသည်။ ယင်းနေ့တွင် ဗီယက်နမ်၊ လာအို၊ မလေးရှားနှင့် အရှေ့တီမောတို့မှ ခေါင်းဆောင်များနှင့် ဂျိုကိုဝီက နှစ်ဦးနှစ်ဖက် အပြန်အလှန် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် မေ ၁၄ ရက် ရွေးကောက်ပွဲ၌ ပြန်လည်အရွေးခံရန် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၄ မှ စကာ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://jakartaglobe.id/news/thai-pm-to-skip-42nd-asean-summit-due-to-election

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly