ရှေ့တန်းတွင် သေဆုံးသူများ၏ မိသားစုများအတွက်ပေးသည့် မြေကွက်များကို ဒုဗိုလ်မှူးကြီး၏ဇနီးမှ စျေးနှိမ်ဝယ်ယူနေဟုဆို

By ရွှေနွယ်(မဇ္ဈိမ)
06 May 2023
ရှေ့တန်းတွင် သေဆုံးသူများ၏ မိသားစုများအတွက်ပေးသည့် မြေကွက်များကို ဒုဗိုလ်မှူးကြီး၏ဇနီးမှ စျေးနှိမ်ဝယ်ယူနေဟုဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် အမှတ် (၁) ခြေလျင်တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန်၏ ဇနီး ဒေါ်ဝင့်နှင်းဖြူသည် ရှေ့တန်းထွက်ရာတွင်သေဆုံးသော စစ်သားများအတွက်ပေးသည့် သီဟိုမြိုင်ကျေးရွာမှ မြေကွက်များကို ကျန်ရစ်သူမိသားစုများထံမှ ထက်ဝက်စျေးဖြင့် ပြန်လည်ဝယ်ယူနေသည်ဟု တပ်တွင်းသတင်းအရင်းမြစ်မှ ပြောသည်။

"လက်ဆက်ကျေးရွာအုပ်စု သီဟိုဠ်မြိုင်ရွာက ပေ ၄၀ ပေ ၆၀မြေကွက် ကာလတန်ဖိုး သိန်း၅၀ လောက်ရှိတဲ့ မြေကွက်တွေကို ထက်ဝက်ဈေးထက်နည်းတဲ့ ဈေးနဲ့ ခလရ(၁)တပ်ရင်းမှူးမိန်းမက ဈေးနှိမ်ဝယ်နေတာပါ” ဟု သတင်းအရင်းမြစ်မှ ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ပြည်မြို့ ဒကစမှ ဒုတပ်မမှူးသည် မေလ ၄ ရက်နေ့တွင် စိန်ကန့်လန့် ခလရ အမှတ် (၁) သို့လာရောက်စစ်ဆေးပြီး သတိပေးစကားပြောသွားခဲ့သည်ဟု သိရသည်။

လာရောက်စစ်ဆေးစဉ်တွင် မြေကွက်များပြန်ဝယ်သူမှာ ဝယ်ယူလို့ရကြောင်း သို့သော် တန်ရာတန်ကြေးပေးရန်လိုကြောင်း ပြောဆိုသွားပြီး၊ ဒေါ်ဝင့်နှင်းဖြူမှ ၎င်းအနေဖြင့် ထိုသို့မလုပ်ကြောင်း ပြန်လည်ငြင်းဆိုသောကြောင့် မဟုတ်လျင်သတင်းမထွက်ဟု သတိပေးပြောဆိုသွားကြောင်း တပ်တွင်းသတင်းအရင်းမြစ်မှပြောသည်။

တပ်ရင်းမှုး ဒုဗိုလ်မှူးကြီး သူရိန်နှင့် ဇနီးသည် ထိုကဲ့သို့မြေကွက်များခေါင်းပုံဖြတ်ဝယ်ယူနေသည်သာမက စစ်တပ်မှထွက်ပြေးသွားသူများ၏ သတင်းအချက်အလက်ကို အထက်သို့မတင်ပြဘဲ လစာထုတ်စားခြင်း၊ စစ်သားများအား ဂိတ်များတွင်ငွေကြေးတောင်းခံခိုင်းခြင်းနှင့် ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်သူများဆီမှ သစ်များကိုစျေးနှိပ်ဝယ်ယူခြင်းတို့ကိုလည်း လုပ်ဆောင်နေကြောင်း သတင်းအရင်းအမြစ်၏ပြောဆိုချက်အရသိရသည်။

"မနည်းဘူး အဲ့လိုစျေးနဲ့ရောင်းနေရသူ ဆယ်ဦးထက်မနည်းဘူး။ တချို့ဆိုမြေကိုသူကဝယ်ပြီး တပ်ကမောင်းထုတ်တာ။ အရင်ကအဲ့တပ်မှာ အင်အားက ၁၀၀ ကျော်လောက်ရှိတာ။ အခုတစ်ဝက်ကျော်ပြုန်းတီးသွားပြီ” ဟု ဆိုသည်။

အဆိုပါ ခလရ (၁) စိန်ကန့်လန့်တပ်မှ စစ်အာဏာသိမ်းပြီးနောက်တွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျအပါအဝင် စကစတပ်သား ၄၀ ကျော်သည် ကရင်နီဒေသတိုက်ပွဲများအတွင်း သေဆုံးထားပြီး၊ CDM ပြုလုပ်ထားသူ ၁၀ ဦးနှင့်အထက် ရှိနေကြောင်းသိရသည်။

လက်ဆက်အုပ်စု မြေလွတ်မြေ သီဟိုဠ်မြိုင် ကျေးရွာရှိ မြေကွက်များသည် ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် မြေလွတ်မြေရိုင်းများကို ပြည်ထဲရေးတွင် တရားဝင် ပြန်တမ်းဝင် ရွာအမည်ပေါက် ရရှိရေး ဆောင်ရွက်ပေးရန် အဆိုတင်သွင်းထားသည့် မြေနေရာများဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly