မြဝတီမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီးဖြင့် ဒရုန်းတင်ပို့လိုက်သည်ကို စစ်ကောင်စီက သိရှိသွားသော်လည်း တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးရန် အဆိုပါ ဒရုန်းအား မသိမ်းဆည်းဘဲ ရန်ကုန်ကားဂိတ်သို့ ဟန်မပျက် တင်ပို့ပေးလိုက်ကြောင်း ပဲခူးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
ယမန်နေ့ မေလ ၄ရက်ညနေက မြဝတီမြို့၊ စိမ်းလဲ့မြိုင်ကားဝင်းမှ တဆင့် ခရီးသည်တင်ကားတစ်စီးဖြင့် ရန်ကုန်သို့ ပို့ဆောင်မည့် ဒရုန်းကို စစ်ကောင်စီတပ်က စစ်ဆေးတွေ့ရှိသွားခြင်းဟု သိရသည်။
" ကျွန်တော့်တို့ဆီကို ဒီသတင်းဝင်လာပါတယ်။သတိထားဖို့ပါ" ဟု ပဲခူးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက သတိပေးသည်။
" ပစ္စည်းကိုဖွင့်စစ်တော့ သိသွားပြီး ကားသမားကိုမေးတယ်။ ကားသမားကသူမသိတော့ မသိဘူးပြောလိုက်တယ်။ ကားသမားကိုတော့ ပြန်လွှတ်ပေးလိုက်ပြီး ပစ္စည်းကိုထောင်ဖမ်းဖို့တင်ပေးလိုက်တာပါ။ ဘယ်အဖွဲ့ရဲ့ပစ္စည်းမှန်းမသိဘူး။ အမြန်ရှောင်နိုင်အောင် သတင်းပေးတာပါ" ဟု အမည်မဖော်လိုသူ တော်လှန်ရေးအင်အားစုဝင်သတင်းအရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ဒရုန်းတင်ပို့မှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။ စိမ်းလဲ့မြိုင်ကားဝန်းအတွင်းမှ မြဝတီ-ရန်ကုန် ပြေးဆွဲသည့် ကားဂိတ်အချို့ကြိ ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ဖြေကြားသည်။ယနေ့ မေလ ၅ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အောင်မင်္ဂလာကားဝန်းအတွင်း၌ စစ်ကောင်စီတပ်သား အင်အားအများအပြားရောက်ရှိနေသည်ကို တွေ့ရကြောင်း
ကားဝန်းအတွင်းနေသူအချို့ထံမှ သိရသည်။
"အရင်ကလည်း အဲ့ဒီလိုထောင်ဖမ်းတာကြောင့် အဖမ်းခံရတာတွေရှိခဲ့ပါတယ်။ ရန်ကုန်မှာပဲ။ပစ္စည်းသွားယူရင်းမိတာပါ။ အခုက ဘယ်အဖွဲ့ပစ္စည်းမှန်းမသိသေးဘူး။ သတိထားကြစေလိုပါတယ်” ဟု ပဲခူးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
စာတည်း - မောင်ကြီး