မြန်မာ့အရေးတွင် ဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်ပြီး အာဆီယံက လုပ်ဆောင်သင့်ဟု လူ့အခွင့်အရေးအဖွဲ့များ ပြော

မြန်မာ့အရေးတွင် ဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်ပြီး အာဆီယံက လုပ်ဆောင်သင့်ဟု လူ့အခွင့်အရေးအဖွဲ့များ ပြော

မြန်မာ့ပဋိပက္ခအား ဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်ကာ လုပ်ဆောင်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအား လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အာရှဖိုရမ်မှ အဖွဲ့ဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းသည်။

၂၀၂၃ မေ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် လာမည့် ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် အာဆီယံခေါင်းဆောင်များထံ ဖိုရမ်က အိတ်ဖွင့်စာတစ်စောင် ပေးပို့ခြင်း ဖြစ်သည်။ အဆိုပါ စာအား အာရှရှိ လူ့အခွင့်အရေးအဖွဲ့ပေါင်း ၂၅ ဖွဲ့မှ လက်မှတ်ထိုးထားသည်။

“အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကနေ ချက်ချင်းဖယ်ခွာပြီး မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ရပ်တန့်အောင် ပိုပြီး အားကောင်းကာ လက်တွေ့ကျတဲ့ အရေးယူမှုကို ဖော်ဆောင်ဖို့ မိမိတို့ တိုက်တွန်းကြောင်း” Progressive Voice Myanmar ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်အား ဖော်ပြထားသည်။

ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရ NUG၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မြန်မာလူမှုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ အားလုံးသော အဓိကပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများနှင့်အတူ အပြုသဘောဆောင်ပြီး ကျယ်ပြန့်သော ဆွေးနွေးပွဲများကို အာဆီယံက ကြီးမှူးကျင်းပရန်လည်း တိုက်တွန်းသည်။

မြန်မာနိုင်ငံက ပဋိပက္ခအား ဖြေရှင်းရာ အားထုတ်ရာ၌ အာဆီယံအနေဖြင့် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီနှင့် အတွင်းရေးမှူးချုပ်တို့နှင့်အတူ အနီးကပ်ဆောင်ရွက်သွားရန်လည်း တောင်းဆိုထားသည်။

မြန်မာပဋိပက္ခ အဆုံးသတ်ရေး အာဆီယံထံမှ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အရေးယူဆောင်ရွက်မှု မရှိခြင်းအတွက်လည်း ကြီးမားစွာ စိုးရိမ်ပူပန်ရကြောင်း ယခု အဖွဲ့အစည်းများက ဖော်ပြသည်။

၂၀၂၁ ဧပြီလအတွင်းက အာဆီယံနှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့သည် မြန်မာအကျပ်အတည်းအား ကိုင်တွယ်ဖြေရှင်းရေးအတွက် ငြိမ်းချမ်းရေးအစီအစဉ်အဖြစ် ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ထို ဘုံသဘောတူညီချက် ငါးရပ်တွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ အားလုံးသော အဖွဲ့များကြား ဆွေးနွေးပွဲများ ကျင်းပရေး၊ အထူသံတမန် ခန့်ထားရေး၊ အာဆီယံထံမှ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို ခွင့်ပြုရေးနှင့် အားလုံးသော အဖွဲ့များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ အာဆီယံအထူးသံတမန် လာရောက်ခွင့်ပြုရေးတို့ကို တောင်းဆိုထားသည်။

သို့ရာတွင် ယင်း သဘောတူညီချက် ရရှိပြီး နှစ်နှစ်အထိ မြန်မာစစ်ကောင်စီသည် ယင်း ငြိမ်းချမ်းရေးအစီအစဉ်ကို လျစ်လျူရှုထားသည်။

အာဆီယံသည် မြန်မာစစ်ကောင်စီအား ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာစေရန် ပျက်ကွက်ရုံမက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝရေး အားပေးမြှင့်တင်ရန် ဦးစီးဦးဆောင် ကြိုးပမ်းရမည်ကိုလည်း ပျက်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

မြန်မာစစ်ကောင်စီသည် မြေပြင်တွင် ဖျက်ဆီးခြင်းများနှင့် အရပ်သားသေဆုံးမှုများ ဖြစ်စေရန် မဟာဗျူဟာ လက်နက်အဖြစ် လေကြောင်းတိုက်ခိုက်မှုများကို တိုး၍ ဆင်နွှဲနေကြောင်း ထုတ်ပြန်ချက်တွင် မှတ်ချက်ချသည်။

၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၃၄ ကြိမ် ကျူးလွန်ခဲ့ရာ၌ အရပ်သား ၃၅၆ ဦး သေဆုံးခဲ့ကြောင်း ယင်းက ထပ်လောင်းဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly