ပုလောမြို့ ထမင်းမစားကျေးရွာရှိ စစ်ကောင်စီဂိတ်အား PDF က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

By ကိုရွှေမြိတ်(မဇ္ဈိမ)
04 May 2023
ပုလောမြို့ ထမင်းမစားကျေးရွာရှိ စစ်ကောင်စီဂိတ်အား PDF က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းနှင့် ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)တို့ပူးပေါင်း၍ ထမင်းမစားကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်အား Drop Bomb နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့သည်။

ထိုသို့ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်တဲ့ အချိန်မှာစစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိ တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် ဗုံးကြဲတိုက်ခိုက်ရန်အသုံးပြုခဲ့သည့်ဒရုန်းမှာ စစ်ကောင်စီတပ်ဘက်မှ သေနတ်နှင့်ပစ်ချခံလိုက်ရ ၍ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

အဆိုပါနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှခုနစ်ဦးခန့်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မတော် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်အထိ ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း တစ်ဖက်ကပြန်လည်ပစ်ခတ်မှုကြောင့် ဒရုန်း သုံးစီး ပျက်ကျဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။

ပုလောမြို့နယ် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်တစ်ခုဖြစ်ပြီး မကြာခဏတိုက် ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly