စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်

By 001(မဇ္စျိမ)
04 May 2023
စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်

အာဏာသိမ်း စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်ရှိ ရဲကင်းဂိတ်တစ်ခုတွင် စစ်ကောင်စီ၏ လက်နက်ကိုင် ရဲတပ်ဖွဲ့နှင့် မြို့ပြပြောက်ကျားအဖွဲ့တို့ ယမန်နေ့ မေလ ၃ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း သွားပစ်ခဲ့သည့် စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ထံက သိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ပုဗ္ဗသီရိဘူတာကြီးသွားရာလမ်းရှိ M2K ဆီဆိုင်အကျော် ကလေးအရိုးအကြောအထူးကုဆေးရုံအနီး မီးပွိုင့်ထောင့်ရှိ ရဲကင်းဂိတ်တွင် ထိုသို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးသတင်းအရ အပြန်အလှန်ပစ်ခတ်မှုအတွင်း  စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ဘက်ကလည်း တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့က ပြောသည်။

“သေနတ်ထိမှန်ဒဏ်ရာအနည်းငယ်ရပါတယ်။ ဆေးကုသမှုခံယူနေပါတယ်။ ခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာပါ ခင်ဗျ၊ ဆေးကုသမှုခံယူပြီးတာမလို့ သက်သာပါတယ်ခင်ဗျ”ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ထရယ်ဂွန်က ပြောသည်။

ထိုတိုက်ခိုက်မှုကို စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)နှင့် ကိုနောင်(တာဝန်ခံ) ဦးဆောင်သည့် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရဲကင်းဂိတ်အား လက်ပစ်ဗုံးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့ပြီး 9mm ပစ္စတိုဖြင့် နှစ်ကြိမ်ထပ်မံပစ်ခတ်ခဲ့ရာတွင် အဆိုပါ ရဲကင်းဂိတ်မှ သေနတ်ဖြင့် နှစ်ချက် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နေပြည်တော်မှာနေပြီး လုံခြုံပြီလို့အထင်နဲ့ ပြည်သူကိုဒုက္ခမပေးပါနဲ့။ အနီးဆုံးမှာ ကျွန်တော်‌တို့ရှိနေတယ်လို့ ရဲ‌ေခွး(ရဲတပ်ဖွဲ့ဝင်)နဲ့  စစ်‌ေခွး(စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေကို အသိပေးချင်ပါတယ်"ဟု ဗိုလ်ထရယ်ဂွန်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမက သီးခြားအတည်ပြုချက် ရယူနေဆဲဖြစ်သည်။ 

နေပြည်တော်တွင် စစ်ကောင်စီက လက်နက်ကိုင် စစ်သားနှင့် ရဲများချကာ လုံခြုံရေးတင်းကျပ်ထားသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကုန်ပိုင်းကစတင်ကာ တစ်ကျော့ပြန် ဖောက်ခွဲခံရမှုများ ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ပြီး မတ်လနှင့် ဧပြီလတို့တွင်လည်း ဖောက်ခွဲတိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required