တကောင်းတိုက်နယ်အတွင်း ကင်းပတ်လာသောစစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး 

By ပါခွီး (မဇ္စျိမ)
04 May 2023
တကောင်းတိုက်နယ်အတွင်း ကင်းပတ်လာသောစစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ကင်းလှည့်လာသည့် စစ်ကောင်စီတပ်၏ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) က မေလ ၃ ရက်တွင် ထုတ်ပြန်သည်။ 

တကောင်းတိုက်နယ် အင်းနက်မှ ဆင်းလာသေ Double cup 4 wheels အဖြူရောင်ကားတစ်စီးကို ရွှေကိုးပင်လမ်းပေါ်တွင် မေလ၂ရက် ည၉နာရီခွဲခန့်တွင် မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။ 

“စစ်ကောင်စီတပ်သားတွေ ကင်းပတ်မယ်ဆိုတာ ကြိုတင်သိရတဲ့အတွက် စောင့်ကြို တိုက်ခိုက်ခဲ့ တာပါ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။ 

အဆိုပါကင်းလှည့်လာသည့် ကားပေါ်တွင် စစ်‌ေကာင်စီတပ်သား ခုနစ်ဦး လိုက်ပါလာပြီး သုံးဦးသေဆုံးကာ  သုံးဦး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်းဆိုသည်။ 

ယင်းသို့သေဆုံး သေဆုံးဒဏ်ရာရရှိသွားခြင်းကို သတင်းပေးသည့် ပြည်သူများထံမှ တစ်ဆင့် စုံစမ်းအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

မိုင်းခွဲတိုက်ခိုက်ခံရသည့်ယာဉ်မှာ ပျက်စီးသွားပြီး ထိုးရပ်ခဲ့ကာ စစ်ကောင်စီတပ်သားများဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိခဲ့ကြောင်းဆိုသည်။ ပစ်ခတ်မှုအပြီး  မိနစ် ၃၀ ခန့်အကြာတွင် တပ်ကူများလာရောက်ပြီး တကောင်းဆေးရုံသို့သယ်ဆောင်သွား ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါတိုက်ခိုက်မှုကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -Tagaung Defense Force နှင့် လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။ 

စာတည်း ။ ။ Alden
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly