တရုတ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ မလာရောက်မီ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် ဘေးဂျင်းမှာတွေ့ဆုံဆွေးနွေးခဲ့

02 May 2023
တရုတ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ မလာရောက်မီ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် ဘေးဂျင်းမှာတွေ့ဆုံဆွေးနွေးခဲ့

တရုတ်နိုင်ငံကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang  ချင်းဂန်က က မေလ ၂ ရက်နေ့မှာ  မြန်မာနိုင်ငံ၊ နေပြည်တော်သို့ ရောက်ရှိမှာဖြစ်တယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံမလာရောက်မီ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းဂန်ဟာ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နိုလင်းဟေဇာ နဲ့  မေလ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်ကြောင်း၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် ပြန်လည် စတင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တာကြောင့် မြန်မာနိုင်ငံတည်ငြိမ်ရေးကို အခြားနိုင်ငံတွေထက် ပိုပြီး မြင်စေချင်တယ်လို့ တရုတ်ဘက်က ပြောဆိုလာပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဆီယံက အားထုတ်နေတဲ့ ကြားဝင်ဖြေရှင်းပေးရေး အားထုတ်မှုကို လေးစားသင့်သလို မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အထမြောက်ရေးကိုလည်း လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ပိုမိုပျံ့နှံ့ တိုးပွားမလာအောင် ဖိဖိစီးစီး စီမံကိုင်တွယ်ဖို့လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး တရုတ် အစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဟေဇာရဲ့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ အားထုတ်မှုတွေကို ဆက်လက် အားပေး ထောက်ခံသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly