ဖားကန့်မရှီးကထောင်ကြိုးတံတားထိပ်တွင် နှိပ်စက်သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းတွေ့ရှိ

By အဂမ် (မဇ္ဈိမ)
01 May 2023
ဖားကန့်မရှီးကထောင်ကြိုးတံတားထိပ်တွင် နှိပ်စက်သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နှိပ်စက်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ရုပ်အ လောင်း တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မေလ ၁ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်ခန့်က ဖားကန့်မြို့ မရှီးကထောင်ကြိုးတံတားထိပ်၌ တကိုယ်လုံး တွင် ရိုက်နက်ခံထားရသည့်ဒဏ်ရာများအပြင် သေနတ်ဒဏ်ရာလေးချက်ဖြင့် အသတ်ခံထားရသော ရုပ် အလောင်းကိုတွေ့ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမသို့ ပြောသည်။

“မရှီးကထောင်ကြိုးတံတားထိပ်မှာ အလောင်းတွေ့တာ။ အလောင်းက ဖိနပ်တောင်မပါဘူး။ ပြီးတော့ သူခန္ဓာကိုယ်မှာလည်း ရိုက်နှက်နှိပ်စက်ထားတဲ့ အမာရွက်ဟောင်းတွေ၊ ကြိုးတုပ်ထားတဲ့ ဒဏ်ရာ ဟောင်း တွေတွေ့တယ် ” ဟု ဆိုသည်။

ပစ်သတ်ခံထားရသည့် အမျိုးသားသည် စစ်အာဏာ သိမ်းတာမှုဆန့်ကျင်သည့် ဖားကန့်လူထုသပိတ်စစ် ကြောင်းများတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်ပြီး တစ်လနီးပါးကြာပျောက်ဆုံးနေရာမှ ယခုလိုအလောင်း တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမှာသူ(သေဆုံးသူ)နဲ့ပက်သက်ပြီး ပြောနေကြတာတစ်ခုက မလန်းရွာမှာအဖမ်းခံရတဲ့ ဒေသခံ ၂၂ ယောက်ထဲက ပြန်မလွတ်လာသေးတဲ့ တယောက်လို့ ပြောနေကြတယ်” ဟု အလောင်းကိုတွေ့မြင်ခဲ့သည့် သတင်းရင်းမြစ်က ဆိုသည်။

သေဆုံးသူမှာ မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သည့် အသက် (၃၀) ဝန်းကျင် ကိုအောင်ကျော်ဦးဆိုသူဖြစ်‌ပြီး ရင်ဘတ်ကျည်ဝင် ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ပခုံးတွင်တစ်ချက်၊ နားထင်တွင်တစ်ချက်နှင့် ညာဘက် လက်မောင်းတွင်တစ်ချက် စသည့်သေနတ်ဒဏ်ရာများဖြင့် ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် အလောင်းတွင် ရိုက်နှက်ထားသည့်ဒဏ်ရာများအပြင် လက်၌ကြိုးတုပ်ထားသည့် ဒဏ်ရာဟောင်း များရှိနေသည့်အတွက် ဖားကန့်အခြေစိုက် စစ်ကောင်စီတပ်က ယခင်ကတည်းကဖမ်းဆီးထားသူဖြစ်နိုင် ကြောင်း သုံသပ်ချက်များလည်း ထွက်ပေါ်နေသည်။

သေဆုံးသူအမျိုးသားနှင့်ပက်သက်သည့် အချက်အလက်များကို မဇ္ဈိမကလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ကလည်း ဖျာလိုက်လံရောင်းချသည့်ဈေးသည်တစ်ဦး ကုဋေမှော်ကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဓာတ်ပုံ - သေနတ်ဖြင့် ပစ်သတ်ခံထားရသည့်အလောင်း (ပေးပို့)

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly