ညောင်ပင်ဝန်းရဲစခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ၊ အထိအခိုက်မသိရသေး 

By ရောင်နီ (မဇ္စျိမ)
01 May 2023
ညောင်ပင်ဝန်းရဲစခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ၊ အထိအခိုက်မသိရသေး 

စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေ သည့်စစ်ကောင်စီတပ် နောက်ကြောင်းပြန်လှည့်သွားစေရန်အတွက် ညောင်ပင်ဝန်းရဲစခန်းကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာအတွင်း စခန်းချထားသည့် အင်အား ၁၀၀ ၀န်းကျင်ရှိ စစ်ကောင်စီတပ်သည် ယနေ့ မေလ ၁ ရက်နေ့ နံနက် ၆ နာရီအချိန်က လယ်ကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးကာ ၀င် ရောက်လာခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို လယ်ကြီးကျေးရွာနှင့် ရွာမကျေးရွာအကြားတွင် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

“အင်အားက ၁၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ရွာမကျေးရွာမှ စခန်းချထားပြီးတော့ လယ်ကြီးကျေးရွာကို စစ်ကြောင်းထိုးလာတာတဲ့အချိန် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အထိအခိုက်တော့ မသိရသေးဘူး။ လယ်ကြီးရွာထဲမှာတော့ မီးရှို့ဖျက်ဆီးမှု တွေ လုပ်သွားပါတယ်” ဟု တိုက်နယ်စွန် PDF တပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။ 

စစ်ကောင်စီတပ်က လယ်ကြီးကျေးရွာအတွင်း စစ်ကြောင်းထိုး၀င်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများပြု လုပ်ပြီးနောက် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် တအိမ်တဲကျေးရွာအတွင်းထပ်မံ စစ်ကြောင်းထိုး ၀င်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ တအိမ်တဲကို ၀င်တဲ့အချိန်မှာ စက်လတ်နဲ့ ရမ်းသန်းပစ်ပြီး စစ်ကြောင်းထိုး၀င်ရောက်တာပါ။ အဲဒီရွာ မှာလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်။ မနက် ၈ နာရီခွဲလောက်မှာ မောင်းထောင်ရွာကို ဆက်လက် စစ်ကြောင်းထိုး ၀င်ရောက်သွားပါတယ်” ဟု တိုက်နယ်စွန် PDF တာ၀န်ရှိသူက ဆိုသည်။ 

ယင်းသို့ ကျေးရွာများအတွင်း ဆက်တိုက်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို နောက်ကြောင်းပြန်လှည့်စေရန်အတွက် မဟာမိတ်တပ်ဖွဲ့များက ညောင်ပင်၀န်းရဲစခန်းကို ပစ်ကူပေးရန် အကူအညီတောင်းခံလာခဲ့ကြောင်း ဆိုသည်။ 

ထို့ကြောင့် တိုက်နယ်စွန် PDF တပ်ဖွဲ့က ပြောက်ကျားစနစ်ဖြင့် သွားရောက်ကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ 

“စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ပင်ဝန်းစခန်းကို  ၆၀ မမ သုံးလုံး၊ ၈၀ မမ သုံးလုံးနဲ့ သွား ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ရဲ့ အထိအခိုက်တော့ မသိရသေး ဘူး “ ဟု တိုက်နယ်စွန် PDF တာဝန်ရှိက ဆိုသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများပြုလုပ်နေဆဲဖြစ်သည့်အတွက် ကျေးရွာများမှ မီးရှို့ဖျက်ဆီးခံရ သည့် အခြေအနေအသေးစိတ်ကိုမသိရသေးဘဲ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဧပြီလ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် လယ်ကြီးရွာနှင့် သုံးလင့်ရွာ ကို နှစ်ဖက်ညှပ်ပြီးစစ်ကြောင်းထိုးကာ ရွာမကျေးရွာမှစစ်ဘေးရှောင်ခုနစ်ဦးကို သတ်ဖြတ်သွားကြောင်း ပြောကြားမှုများရှိသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

လက်ရှိအချိန်တွင် အင်အား ၁၀၀ ၀န်းကျင်ပါ  စစ်ကောင်စီတပ်စစ်ကြောင်းသည် တဲကြီး၊ လက်ပံသာ ကျေးရွာအတွင်းရောက်ရှိနေကာ မွှေနှောက်ဖျက်ဆီးမှုများပြုလုပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။

စာတည်း ။  ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly