အပစ်ရပ်လက်မှတ်မထိုးထားသည့် UNFC နှင့် အပစ်ရပ်ထားသည့် အဖွဲ့ ၈ဖွဲ့ တွေ့ဆုံမည်

အပစ်ရပ်လက်မှတ်မထိုးထားသည့် UNFC နှင့် အပစ်ရပ်ထားသည့် အဖွဲ့ ၈ဖွဲ့ တွေ့ဆုံမည်

ချင်းမိုင်၊ မတ် ၂၅ ။         ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ မတ်လ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယနေ့ ထိပ်သီးအစည်းအဝေးတွင် UNFC နှင့် တွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်နှင့် ဒုတိယ ခေါင်းဆောင်အဖြစ် ပဒိုစောကွယ်ထူးဝင်တို့ကို ရွေးချယ်ထားပြီး ကိုယ်စားလှယ် ၈ဦး ပါဝင်တွေ့ဆုံမည်ဖြစ်သည်။

“ကျနော်တို့က UNFC နဲ့ တွေ့ဖို့ ပဒိုကွယ်ထူးဝင်းက စာပို့လိုက်တဲ့အခါကြတော့ UNFC က  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ( Delegation for Political Negotiation )က ခေါင်းဆောင် ခူဦးရယ်က ကျွန်တော်တို့ လက်ခံတယ်။ ဆွေးနွေးဖို့က သွားမယ့်ကိုယ်စားလှယ်အဖွဲ့က ပြင်ဆင် သွားရမယ်။ အစည်းအဝေးမှာတော့ ကိုယ်စားလှယ်အဖွဲ့ကို ရွေးတယ်”ဟု အပစ်ရပ်လက်မှတ်ထိုးထားသည့် PNLO မှ ဦးခွန်မြင့်ထွန်းက မဇ္ဈိမကိုပြောသည်။

လက်ရှိ နိုင်ငံရေး အခြေအနေများကို တင်ပြဆွေးနွေးကာ နိုင်ငံရေးအရ NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

“အဓိကတော့ အခုရောက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။ အဓိက ဒီအချက်တွေပါ။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတော့ အနေအထားအပေါ် မူတည်ပြီးတော့ ဆက်ဆွေးနွေးမယ်”ဟု သူက ပြောသည်။

NCA လက်မှတ်ရေးထိုးပြီးနောက် UNFC နှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများရှိသော်လည်း ယခုတွေ့ဆုံမှုသည် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

UNFC တွင် ဖွဲ့စည်းထားသော ကိုယ်စားလှယ် ၁၁ ဦးပါဝင်သော နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးကော်မတီ(DPN)မှ လက်ခံတွေ့ဆုံမည် ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်ရေးနှင့် ရှေ့ဆက် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေနွေးသွားမည် ဖြစ်ကြောင်း ၎င်းကော်မတီ၏ ခေါင်းဆောင် ခူဦးရယ်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့အရင်အရင်က တွေ့ဆုံနေကြပါ။ အန်စီအေ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းက တစ်ကဏ္ဍပါ။ ဒါနဲ့ မသက်ဆိုင်ပါဘူး။ ကျနော်တို့ ညီညွတ်ရေး။ ပူးပေါင်းဆောင်ရွက်ရေး အမြဲတမ်းလုပ်ရမယ့်ကိစ္စ၊ ရှေ့ဆက်လုပ်ငန်းဘယ်လို အတူတကွ ဖော်ဆောင်ကြမလဲ၊ သွားကြမလဲဆိုတဲ့ ကိစ္စတွေ ဆောင်ရွက်ဖို့ပဲပေါ့နော်”ဟု သူက ပြောသည်။

နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရန် ကြိုတင် မသိသေးသော်လည်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့အနေဖြင့် ၎င်းတု့ိ၏ လုပ်ဆောင်ချက်များကို ပြန်လည် တင်ပြနိုင်ဖွယ်ရှိသည်ဟု သူက ပြောသည်။

“နှစ်ဖက် သတ်မှတ်ထားတာမရှိသေးဘူး။ ဘာ agenda နဲ့ သွားမယ်ဆိုတာ ညှိနှိုင်းထားတာတော့မရှိသေးဘူး။ ပြောစရာ ဆိုစရာတွေတော့ အများကြီးပေါ့နော်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ခရီးစဉ်က အဝေးကြီးဆိုတော့ ကျနော်တို့ဘက်က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အတူတူသွားရမယ်လေ။ ဆိုတော့ ကျနော်တို့ဘက်က ပြင်ဆင်မှုတွေ အများကြီး လိုအပ်မယ်။ ဒီကိစ္စတွေပဲအဓိကထားပြီ ဆွေးနွေးဖြစ်မယ်လို့ အဲဒီလို ကျွန်တော်နားလည်ပါတယ်”ဟု ခူဦးရယ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က ကျင်းပသော UNFC ၏ အရေးပေါ် အစည်းအဝေးတွင် တိုင်းရင်းသားများ အားလုံး ပါဝင်ရေးနှင့် အားလုံး မပါင်နိုင်ပါက မပါဝင်နိုင်သေးသည့် အဖွဲ့အစည်းများအတွက် အာမခံချက် ရရှိရေးကို ရပ်တည်သွားရန် သဘောတူ ဆုံးဖြတ်ခဲ့သော်လည်း အောက်တိုဘာလ ၁၅ ရက်က NCA ကို လက်မှတ်ရေးထိုးခဲ့သဖြင့် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ကို UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ရေး ဆွေးနွေးခဲ့ကြသော်လည်း UNFC နှင့် တရားဝင် တွေ့ဆုံမှု မရှိတော့ဘဲ ယခု ပထမဆုံးအကြိမ်အဖြစ် တရားဝင် ပြန်လည်တွေ့ဆုံ   ဆွေးနွေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags