ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင် တိုက်ပွဲပြင်းထန်၊ RPG နှင့် ဗုံးသီးအချို့ကို CNA သိမ်းဆည်းရရှိ

By ပါခွီး (မဇ္စျိမ)
01 May 2023
ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင် တိုက်ပွဲပြင်းထန်၊ RPG နှင့် ဗုံးသီးအချို့ကို CNA သိမ်းဆည်းရရှိ

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ပြီး ချင်းအမျိုးသားတပ်မတော် (CNA) ဘက်က ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ သွားကြောင်း CNAပြောခွင့်ရသူ ဆလိုင်းထက်နီက မဇ္ဈိမကို ပြောသည်။

ချွန်ကျုံးရွာအတွင်း နှစ်ဘက်နေရာယူထားသော စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ် ဖွဲ့များအကြား ဧပြီလ ၃၀ ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ခြင်း ဖြစ်သည်။

“ရွာအတွင်းထဲမှာ တိုက်ပွဲဖြစ်တာ ၊ ကျနော်တို့ဘက်က တစ်ယောက်ကျ နှစ်ယောက် ဒဏ်ရာရတယ် ၊ သူတို့ဖက်ကလည်း သေဆုံးဒဏ်ရာရတာတွေရှိတယ် အသေးစိတ် အခြေအနေမသိရသေးဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကို ပြောသည်။

အဆိုပါ နှစ်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ RPG တစ်လက်နှင့် MA သေနတ် နှစ်လက် အပါအဝင် ဗုံးသီးနှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အထိနာသဖြင့် ညနေ ၃ နာရီခန့်တွင် ချွန်ကျုံးရွာအတွင်းရှိ ချင်းတပ်ဖွဲ့များကို စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ခြောက်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဆလိုင်းထက်နီက ဆိုသည်။သို့သော်လည်း ဗုံးကြဲချမှုတွင် လူအထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ထိုနေရာသို့ ဟားခါးမြို့မှ ဒုတိယအကြိမ် စစ်ကောင်စီတပ်သား ၅၀ ခန့် စစ်ကူလာရောက် ပူးပေါင်းထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ဟားခါးမြို့သို့ ရိက္ခာများဖြည့်တင်းရန် မတ်လ ၇ ရက်မှစ၍ တင့်ကားနှစ်စီး ၊ မြေကော်စက်တစ်စီး ၊ ကုန်တင်ကား အစီး ၃၀နှင့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများသည် ထွက်ခွာခဲ့ရာ ချင်းပူးပေါင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပါ ယာဉ်တန်းအားလုံး ပျက်စီးခဲ့ပြီး ဟားခါးမြို့သို့ ယခုတိုင် မရောက်ရှိနိုင်သေးဘဲ ဖြစ်နေကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly