သွားတိုက်ဆေးဘူးများဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုအတွက် လူ ၆၅ ဦးကို ဗီယက်နမ် ဖမ်းဆီး

သွားတိုက်ဆေးဘူးများဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုအတွက် လူ ၆၅ ဦးကို ဗီယက်နမ် ဖမ်းဆီး

ဗီယက်နမ်အာဏာပိုင်တို့သည် နိုင်ငံထဲသို့ မူးယစ်ဆေးဝါး ၅၀ ကီလိုဂရမ်ကို မှောင်ခိုသွင်းမှုအတွက် လူ ၆၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မူးယစ်ဆေးဝါး တချို့ကို သွားတိုက်ဆေးဘူးများအတွင်း ဝှက်ကာ မှောင်ခိုကူးခြင်းဖြစ်ကြောင်း ဘီဘီစီ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ယခုဖမ်းဆီးမှုများမတိုင်မီ ပြီးခဲ့သည့် မတ်လက ဗီယက်နမ် လေကြောင်းလိုင်း လေယာဉ် အမှုထမ်းလေးဦး အလားတူ ဖမ်းဆီးခံရမှုများ ရှိခဲ့သည်။

၎င်းတို့သည် ပါရီမှ ဟိုချီမင်းစီးတီးသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်တစ်ခုနောက်တွင် ၎င်းတို့၏ အိတ်များအတွင်း သွားတိုက်ဆေးဘူးများ သယ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အလေးချိန်အားဖြင့် ၆၀ ကီလိုဂရမ်ခန့် ရှိသည့် သွားတိုက်ဆေးများ သယ်ယူပို့ဆောင်ရန် ၎င်းတို့ကို အခကြေးငွေပေးကာ ငှားရမ်းခြင်း ဖြစ်ကြောင်း လေယာဉ် ဝန်ထမ်းများက ပြောသည်။ သို့သော် သွားတိုက်ဆေးဘူးများထဲတွင် မူးယစ်ဆေးများ ပါနေသည်ကို ၎င်းတို့အနေဖြင့် မသိရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

အမျိုးသမီးလေးဦးကို လက်ရှိအချိန်တွင် အာမခံဖြင့် လွှတ်ထားကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောသည်။

ယခုသီတင်းပတ်အတွင်း တူညီသည့် လမ်းကြောင်းမှတစ်ဆင့် နိုင်ငံတွင်းသို့ မှောင်ခိုသွင်းလာသည့် အခြားသော မူးယစ်ဆေးဝါး ပို့ဆောင်မှု ခြောက်ခုကို ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ဗီယက်နမ်ရဲတပ်ဖွဲ့က ပြောသည်။

ယင်းနောက် များမကြာမီ သံသယရှိသူ ၆၅ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး မူးယစ်ဆေးဝါး ဝယ်ယူမှု၊ ရောင်းချမှုနှင့် သယ်ယူပို့ဆောင်မှုအပါအဝင် စွဲချက်အများအပြားအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

လေယာဉ် အမှုထမ်းများကို ငွေပေးငှားရမ်းသည့် တူညီသော မှောင်ခိုဂိုဏ်းက ယခု သံသယရှိသူ ၆၅ ဦးကို စေခိုင်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်လျက် ရှိပြီး အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်းသည် ဗီယက်နမ်နိုင်ငံထဲသို့ မူးယစ်ဆေးဝါး သွင်းရန် ပြင်သစ်တွင် ပညာသင်ယူ၊ နေထိုင်လျက် ရှိသော ဗီယက်နမ်နိုင်ငံသားများကို ပစ်မှတ်ထားဖွယ် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သုံးလအတွင်း လေကြောင်းလမ်းကြောင်းများမှတစ်ဆင့် နိုင်ငံထဲသို့ သွင်းလာသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု ပမာဏက လွန်ခဲ့သည့် ငါးနှစ်အတွင်း လေကြောင်းမှတစ်ဆင့် တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု ပမာဏကို ကျော်လွန်နေကြောင်း ဗီယက်နမ်အာဏာပိုင်တို့က ပြောသည်။

ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးသော မူးယစ်ဆေးဝါး ဥပဒေတချို့ ကျင့်သုံးသည့် နိုင်ငံ ဖြစ်သည်။ သို့သော်လည်း ယင်းနိုင်ငံသည် အဓိက မှောင်ခိုကူးရာ အချက်အချာနေရာတစ်ခုအဖြစ် ဆက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly