မြင်းခြံမြို့ပေါ် တိုက်ပွဲ အရာရှိတစ်ဦး အပါအဝင် စစ်တပ်ဘက်က ၈ ဦး သေဆုံးဟုဆို

By MTO(မဇ္ဈိမ)
30 April 2023
မြင်းခြံမြို့ပေါ် တိုက်ပွဲ အရာရှိတစ်ဦး အပါအဝင် စစ်တပ်ဘက်က ၈ ဦး သေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊အမှတ် ၆ ရပ်ကွက်ရှိ ရွှေညောင်ပင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦး သေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

ရွှေညောင်ပင်ဘုန်းကြီးကျောင်းဝင်းထဲမှ စစ်ကောင်စီတပ်စခန်းအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နေ့ မနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ‌သိရသည်။

 “ စခန်းသိမ်းဖို့ အထိရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး။ တိုက်ပွဲကလည်း ၄၅ မိနစ်လောက်ကြာသွားတာ။ စစ်ကူတွေရောက်လာလို့ ပြန်ဆုတ်လာရတယ်" မြင်းခြံခရိုင်တပ်ရင်း(၃) ပြောရေးဆိုခွင့်ရှိသူကမဇ္ဈိမကို ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ရှစ်ဦးသေဆုံးသည်ဟု ၎င်းကပြောသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိ ခဲ့ဟု ဆိုသည်။

မြင်းခြံမြို့အခြေစိုက်  Myingyan Black Tiger ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
" ရွှေညောင်ပင်ဘုန်းကြီးကျောင်းထဲက စခန်းကို မ‌နေ့က သွားတိုက်တာကြားပါတယ်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်တယ်။တိုက်ပွဲမှာ ကျွန်တော်တို့တော့မပါဘူး။ခရိုင်ရင်း(၃)ပါတာတော့သိတယ်"ဟု ပြောသည်။

ယခုတိုက်ခိုက်မှုသည်  တော်လှန်ရေးကာလအတွင်း  စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်း ခံထားရသည့်ရဲဘော်များနှင့် ကျဆုံးသွားသည့် ရဲဘော်များအတွက် လက်တုန့်ပြန်သည့် အနေဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း  မြင်းခြံခရိုင်တပ်ရင်း(၃)က ဆိုသည်။ စစ်ကောင်စီအထိနာခဲ့‌သော ထိုတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း(၃) ၊ခရိုင်တပ်ရင်း(၁)တပ်ခွဲ ၂  နှင့် ကျေးရွာတပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required