The Elders အဖွဲ့၏ မြန်မာခရီးစဉ်ထုတ်ပြန်ချက် လိုရာဆွဲ​​ဖော်ပြဟု စစ်​ကောင်စီ ​ဝေဖန်

By 001(မဇ္စျိမ)
29 April 2023
The Elders အဖွဲ့၏ မြန်မာခရီးစဉ်ထုတ်ပြန်ချက် လိုရာဆွဲ​​ဖော်ပြဟု စစ်​ကောင်စီ ​ဝေဖန်

The Eldersအဖွဲ့က ထုတ်ပြန်သည့် မစ္စတာဘန်ကီမွန်း၏ မြန်မာခရီးစဥ် ထုတ်ပြန်ချက်မှာ ​ဆွေး​နွေးချက်များနှင့် ကွဲလွဲပြီး လိုရာဆွဲ​ဖော်ပြသည်ဟု အာဏာသိမ်းစစ်​ကောင်စီက ဧပြီလ ၂၈ ရက်​နေ့က ​ကြေညာချက်ထုတ်ပြီး ​ဝေဖန်ခဲ့သည်။

The Eldersအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်​​ဟောင်း မစ္စတာ ဘန်ကီမွန်း၏ ဧပြီလ ၂၃ ရက်​နေ့မှ ၂၄ ရက်​နေ့အထိ မြန်မာ့ခရီးစဥ်နှင့် ပတ်သက်ပြီး The Eldersအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ပြီး သုံးရက်အကြာတွင် စစ်​ကောင်စီဘက်က အထက်ပါအတိုင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

The Eldersအဖွဲ့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအ​နေဖြင့် တစ်ဖက်သတ် အကြံပြုတိုက်တွန်းချက်များအစား မြန်မာနိုင်ငံအတွက် မှန်ကန်​သောအဆိုပြုတိုက်တွန်းချက်များ၊ လက်​တွေ့ကျသည့် ပူး​ပေါင်း​ဆောင်ရွက်မှုများကိုသာ ပြုလုပ်ရန်လိုသည်ဟု စစ်​ကောင်စီက တုံ့ပြန်သည်။

ထို့ပြင် မစ္စတာ ဘန်ကီမွန်းနှင့် ​ဆွေး​နွေးချက်များမှာ အပြုသ​ဘော​ဆောင်ခဲ့ပြီး စစ်​ကောင်စီ တာဝန်ရှိသူများ၏ ရှင်းလင်း​​ပြောကြားမှုများ​ကြောင့် မစ္စတာဘန်ကီမွန်းအ​နေဖြင့် မြန်မာနိုင်ငံအ​ရေးရှုပ်​ထွေးသည်ကို ပိုမိုနားလည်သ​ဘော​ပေါက်လာသည်ဟု စစ်​ကောင်စီက ​ဖော်ပြသည်။ 

စစ်​​ကောင်စီ၏ ထုတ်ပြန်ချက်တွင် မစ္စတာ ဘန်ကီမွန်း၏ ​​တောင်းဆိုချက်များနှင့် ပတ်သက်၍ ​ဖော်ပြထားခြင်း မရှိ​ပေ။

စစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့် ​တွေ့ဆုံမှုတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် အာဆီယံ၏ သ​ဘောတူညီချက် ငါးရပ်ကို အ​ကောင်အထည်​ဖော်ရန် ​တောင်းဆိုခဲ့သည်ဟု The Eldersအဖွဲ့၏ ဧပြီလ ၂၅ ရက်​နေ့ ​ကြေညာချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်အ​ပေါ် မြန်မာ့အ​ရေးသည် ပြည်တွင်း​ရေးသာဖြစ်သည်ဟုလည်း စစ်​ကောင်စီက ​​ပြန်လည်​တုံ့ပြန်သည်။

စစ်​ကောင်စီအ​နေဖြင့် နိုင်ငံတကာက အ​ကောင်းမြင်​စေရန်အတွက် The Elders အဖွဲ့ကို ​ခေါ်ယူ​ဆွေး​နွေးခြင်းသာဖြစ်ကြောင်း နိုင်ငံ​ရေး​လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ​ပြောသည်။

"နိုင်ငံတကာနဲ့ စစ်​ကောင်စီနဲ့ ဆက်စပ်ပြီး လုပ်​ဆောင်မှုရှိတယ်ဆိုတဲ့ ပုံရိပ်ကို ​ဖော်ပြဖို့အတွက်သာ အသုံးချတာဖြစ်ပြီး လက်​တွေ့အားဖြင့် မြန်မာပြည်ပြဿနာ​ဖြေရှင်း​ရေးအတွက် ဒီအဖွဲ့အစည်း​ရော ဘန်ကီမွန်းရဲ့​တောင်းဆိုချက်ကို​​ရော လိုက်​လျောဖို့ သ​ဘောထားမရှိဘဲနဲ့ အကြမ်းဖက်မှု​တွေ ဆက်လုပ်​နေတာပါ။ အဲ့ဒီ​တော့ သိပ်ပြီး​တော့ အ​ကြောင်းမထူးပါဘူး"ဟု ဆိုသည်။

မြန်မာခရီးစဉ်အတွင်း မစ္စတာ ဘန်ကီမွန်းအ​နေဖြင့် ​ရေရှည်တည်တံ့သည့် အ​ဖြေရရှိ​ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ( NUG )အပါအဝင် ပါတီအားလုံး၏ ပါဝင်မှုကို လိုအပ်​ကြောင်း အ​လေး​ပေး​ပြောကြားခဲ့​ကြောင်း သိရသည်။

အာဆီယံ ဘုံသ​ဘောတူညီချက် ငါးရပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အ​ကောင်အထည်​ဖော်ရာတွင် တိုးတက်မှုကို အ​ရေးတကြီးလိုအပ်​ကြောင်း၊ မတရားဖမ်းဆီးထား​သော အကျဥ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ရန်၊ အပြုသ​ဘော​ဆောင်သည့် ​တွေ့ဆုံ​ဆွေး​နွေးမှုများ ပြုလုပ်ရန်နှင့် ပါတီများအားလုံးအ​နေဖြင့် အစွမ်းကုန်ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ​တောင်းဆိုချက်များကို မစ္စတာ ဘန်ကီမွန်းက ​​ထောက်ခံအား​ပေးခဲ့သည်ဟု The Eldersအဖွဲ့က ​ဖော်ပြသည်။

ထို့ပြင် လက်ရှိ အ​ခြေအ​နေအရ ​ရွေး​ကောက်ပွဲကျင်းပခြင်းက အကြမ်းဖက်မှုနှင့် ​သွေးကွဲမှုများကို ပိုမိုဖြစ်​ပေါ်​စေပြီး ရလဒ်များကို မြန်မာနိုင်ငံသားများ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုမည် မဟုတ်​ကြောင်း ​ပြောကြားခဲ့သည်ဟုလည်း ပါရှိသည်။

ကုလသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်​ဟောင်း မစ္စတာ ဘန်ကီမွန်း၏ မြန်မာခရီးစဥ်တွင် စစ်​ကောင်စီ ​ခေါင်း​ဆောင် မင်း​အောင်လှိုင်၊ သမ္မတ​ဟောင်း ဦးသိန်းစိန်၊ ကာကွယ်​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်​ကောင်စီ နိုင်ငံခြား​ရေးဝန်ကြီး ဦးသန်း​ဆွေတို့
နှင့်လည်း ​တွေ့ဆုံခဲ့သည်။

အဆိုပါ ​တွေ့ဆုံမှုနှင့်ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက ကန့်ကွက်ရှုတ်ချထားကာ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှဥ်းဆဲနေသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံတွင် လူမိုက်ကို ပွဲထုတ်နေသည်ဟု ယူဆ​ကြောင်း ​ပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly