အကယ်ဒမီဆုပေးပွဲ တက်ရောက်ခြင်းမရှိသည့် အနုပညာရှင်များကို အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်

By ဂန္ဒမာ (မဇ္ဈိမ)
28 April 2023
အကယ်ဒမီဆုပေးပွဲ တက်ရောက်ခြင်းမရှိသည့် အနုပညာရှင်များကို အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်

လာမည့် မေလ လဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ(အကယ်ဒမီ)အား တက်ရောက်ခြင်းမရှိသည့် အနုပညာရှင်များကို အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်း စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ခြိမ်းခြောက်မှုများပြုလုပ်နေသည်ကို တွေ့ရသည်။ 

အကယ်ဒမီပွဲ နီးကပ်လာသည်နှင့်အမျှ စစ်တပ်လော်ဘီများဖြစ်သော Han Nyein Oo ၊ Ka Ka Han ၊ View Of Sue အစရှိသည့် တယ်လီဂရမ်ချန်နယ်များမှ မကြာမီကျင်းပတော့မည့် အကယ်ဒမီပေးပွဲအား တက်ရောက်ရန် ငြင်းဆန်ပါက အကြမ်းဖက်ဥပဒေဖြင့်အရေးယူသွားမည်ဖြစ်သလို တက်ရောက်မည့်အနုပညာရှင်များကိုလည်း boycott ပြုလုပ်သူများ( စီးပွားရေးလုပ်ငန်းရှင်များအပါအဝင်) ပြတ်ပြတ်သားသားအရေးယူသွားမည်ဖြစ်ကြောင်း ဖြန့်ဝေထားသည်။ 

“ အကယ်ဒမီဆုပေးပွဲကို တက်ရောက်မည့် အနုပညာရှင်တွေကို Social Punishment ပြုလုပ်သူတွေ၊ ခြိမ်းခြောက် အကျပ်ကိုင်သူတွေ၊ ဆုပေးပွဲကို ဖိတ်ကြားခံရပြီး အနုပညာနဲ့ နိုင်ငံရေးကို မကွဲပြားဘဲ တက်ရောက်ဖို့ ငြင်းဆန်သူတွေဟာ တစ်ဖက်တစ်လမ်းကနေပြီး အကြမ်းဖက်တွေကို အားပေးကူညီရာရောက်တဲ့အတွက် ဒီလိုလူတွေကို အကြမ်းဖက် ဥပဒေနဲ့ မဖြစ်မနေအရေးယူရမှာဖြစ်ပါတယ်။ ဒါကြောင့်အကယ်ဒမီဆုပေးပွဲကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့သူတွေ၊ ပွဲတက်ဖို့ဖိတ်ကြားခံရပြီး တက်ရောက်ဖိုငြင်းဆန်တဲ့သူတွေဟာလည်း အကြမ်းဖက်အားပေးတွေဖြစ်လို့ ဒီလိုလုပ်နေတဲ့သူတွေတွေ့ရင် သက်ဆိုင်ရာကို အသိပေးတိုင်ကြားနိုင်ပါတယ်။” ဟူ၍ အခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ်ဖြန့်ဝေလာသည်။

၂၀၁၉ ၊ ၂၀၂၀ ၊ ၂၀၂၃ ခုနှစ်များအတွက် သုံးနှစ်စာ ဆုချီးမြှင့်မည့်အကယ်ဒမီပေးပွဲတွင် ယခင်နှစ်များက အကယ်ဒမီဆုရရှိပြီးသား အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွှေအစစ်ဖြင့်ပြုလုပ်ထားသည့် ရွှေရင်ထိုးများကို ပေးအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာမှတစ်ဆင့် ကြေညာထားသည်ကိုလည်း တွေ့ရသည်။ 

သုံးနှစ်တာကာလအတွက် ဆုချီးမြှင့်မည့် အကယ်ဒမီပေးပွဲအား နေပြည်တော်တွင်ကျင်းပမည်ဖြစ်ကာ အဆိုပါပွဲအခမ်းအနားအတွက် ရွှေကြိုရွေးချယ်ခြင်းမှစတင်၍ အချိန်ပေးပြင်ဆင်မှုများပြုလုပ်လာခဲ့ပြီးနောက် လက်ရှိတွင် ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ရန် အလွှာပေါင်းစုံမှ ဖိိတ်ကြားမည့် လူဦးရေစာရင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ပြီးဖြစ်သည်။ 

စစ်ကောင်စီအနေဖြင့် ၎င်းတို့ အာဏာလုယူထားသည့်ကာလတွင် တိုင်းပြည်တစ်ဝန်းငြိမ်းချမ်းသာယာပြီး ပုံမှန်အတိုင်း လည်ပတ်နေသည်ကို ပြသလိုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများ၊ ပွဲအခမ်းအနားများကို စီစဉ်ကျင်းပပြီး လူအများလာရောက်ဆင်နွှဲနေသည့်ပုံစံကို ဖန်တီးနိုင်ရန်အတွက်လည်း ဖိအားပေးခေါ်ဆောင် ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိသည်ကို မြင်တွေ့နေရပြီး အဆိုပါ ပွဲအခမ်းအနားများတွင် စစ်ကောင်စီအလိုကျပါဝင်ဆင်နွှဲခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများကလည်း တိုက်တွန်းနှိုးဆော်ပြီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required