နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇  ဧပြီ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇  ဧပြီ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၆ ရက်အထိ အကြမ်းဖက် စစ်တပ်စခန်း ၄၄ ခုကို သိမ်း ပိုက် နိုင်ခဲ့ပြီး လေတပ်စခန်း၊ လက်နက်စက်ရုံ၊ ဌာနချုပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
•    အီတလီနိုင်ငံ၏ လွတ်မြောက်ရေးနေ့ လူထုတွေ့ဆုံပွဲကို ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်က ဧပြီ ၂၅ ရက်က တက်ရောက် မိန့်ခွန်း ပြောကြားရာတွင် စစ်ကောင်စီ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
•    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပြည်သူ့ရေးရာကော်မတီ ၊ CDM Success Committee နှင့် ကရင်ပြည်နယ်က CDMer များနှင့် CDM အရေး ဦးဆောင်သူများ ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင်ကနေ တွေ့ဆုံခဲ့ကြပြီး ဒေသအလိုက် မြေပြင် ချိတ်ဆက် ဆောင်ရွက်နိုင်မှုများ ပိုမိုပြု လုပ်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၁/၂၀၂၃)ကို ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသက စစ်ရှောင်ပြည်သူ ၃၀၈ ကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာအဖွဲ့က ဧပြီ ၂၆ ရက်က ဆန် နှင့် စားသောက်ကုန်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာကို ဧပြီ ၂၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား နှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး  စစ်သားနှင့်ပျူစောထီး ၃၀ ခန့်မှာလည်း ရွာပြင် ထွက်ပြေးလာကြောင်း Eagle Brigade (A Nyar Eagles) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၇ ရက်တွင် အာဇာနည် သူရဲကောင်း ရဲဘော် ဖိုးချမ်းကျဆုံးခြင်း ၂ နှစ် ၁ လ ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီ ၂၇ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က ဧပြီ ၂၇ ရက်တွင် စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ရှိ မီးပွိုင့်တွင် မုံရွာလူငယ်များအစည်းအရုံးမှ တော်လှန်လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ၍ ယနေ့ ဧပြီ ၂၇ ရက်၊ နံနက်ပိုင်းက ဆန္ဒ ထုတ်ဖော် ခဲ့သည်။ 
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာကို ဧပြီ၂၆ ရက်၊ ညနေပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာ ၃ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီ ၂၆ ရက်က ကျေးရွာကို မီးရှို့ရန် လာသည့် အကြမ်းဖက်စစ်တပ်ကို မိုင်းဆင်ရင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး(မြောက်)ရွာအနီး တောပြင်တစ်ခုတွင် စစ်ကောင်စီ တပ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဧပြီ ၂၆ ရက်၊ နေ့လယ် ၁ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း B- Two Fighter တပ်ဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်များက ဧပြီ ၂၆ ရက်၊ ညသန်းခေါင်ယံအချိန် စစ်ကြောင်းထိုး၍ ကျေးရွာ ၆ ခုမှ ပြည်သူများ မှောင်မှောင်မည်းမည်းတွင် ထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ပိုင်း ရွှေဘို - ဆိပ်ခွန်လမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေ၍ ပြည်သူများအနေဖြင့် သွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။
•    စစ်ကိုင်းခရိုင် တပ်ရင်း ၄ MSPDF က စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲရန် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၄ MSPDF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့သွားသော ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို S&Cမီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ မှ လက်ယက်က္ကန်းစင် အလုံး ၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
•    ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်မှ ခရမ်း PDF များအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ကာ ဆက်စပ်သူများရှိသည်ဟုဆို၍ ပြည်သူများအား ဖမ်းဆီးမှုကို မြို့နယ်တွင်း၌ ဆက်လက်ပြုလုပ်နေကြောင်း ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမီးပွားက မဇ္စျိမကို ပြောသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တဲကုန်းရွာရှိ ပျူစောထီးများကို ဧပြီ ၂၅ ရက်၊ ည ၉ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ မြိုင် ပကဖ ထံမှ သိရသည်။
•    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အိုင်းမရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် နှင့် ဖလံကိုင် နယ်မြေရဲစခန်းကို ဧပြီ ၂၅ ရက်၊ ညနေ ၄ နာရီခွဲခန့်က PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ  အဖွဲ့ထံမှ သိရသည်။
•    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး ဧပြီ ၂၆ ရက်၊ ည ၇ နာရီခန့်က မြို့အပြင်သို့ထွက်လာသည်ကို တားဆီးစစ်ဆေးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း နွးထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF မြင်းခြံခရိုင် PDF တပ်ရင်း (၄) မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
•    ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "စစ်ခွေးတွေ ကိုက်နေသည် ပြည်သူတွေ စစ်ရေး သတိအမြဲ ရှိကြပါ" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ဧပြီ ၂၇ ရက်တွင် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။
•    တနင်္သာရီတိုင်း ၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် က်ပေါင်း ၂၀ ကျော် တပ်စွဲထားသည့်  စစ်ကောင်စီ တပ်သည် သိန်ခွန်းကျေးရွာအုပ်စု သို့ စစ်ကြောင်းထိုးရာမှ အပြန်လမ်း သဲဖြူရွာအနီးတွင် မဟာမိတ် တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ငါးဦး ယမန်နေ့ ဧပြီ ၂၆ ရက်က မိုင်းထိ သေဆုံးကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
•    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ အကြမ်းဖက် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၂ ရက်၊ ည ၇ နာရီခွဲခန့်က မြိတ်ဘက်မှ ပုလော ဘက်သို့ လာသည့် ကားပေါ်၌ လိုက်ပါလာသည့် ကြဲရွာသား သားအဖ ၂ ဦးကို ကားပေါ်က ဆွဲချကာ အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း၊ ရုပ်အလောင်းများ ကိုလည်း မိသားစုဝင်များထံ ပြန်ပေးခြင်း မရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
•    ကချင်ပြည်နယ်၊ မိုးကောင်းမြို့ တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဧပြီ ၁၅ ရက်၊ နေ့လယ် ၂ နာရီခန့်က ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မိုးကောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ၇ မိုင်(ကျောက်တိုင်လမ်းခွဲ)ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခု နှင့် ကင်းပုန်း နေရာများကို ဧပြီ ၂၅ ရက်၊ ည ၇ နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ၁ ပွင့် ဗိုလ်အပါ အဝင် ၃ ဦးသေဆုံးခဲ့ကြောင်း People Defence Force – Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ ပြည်တွင်း အခွန်ဦးစီးဌာနရုံးကို ဧပြီ ၂၅ ရက်၊ ည ၁၂ နာရီကျော်ခန့်က မိုင်းခွဲမှု ဖြစ်ပွားပြီး ရုံး၏ နေရာအများစု ပြိုကျ ပျက်စီးသွားသဖြင့် ဝန်ထမ်းများ တက်စရာ ရုံးမရှိတော့ဘဲ ရုံးတက်ရန်လည်း ကြောက်ရွံ့နေကြကြောင်း  ဘီးလင်းပြည်တွင်းအခွန်ဝန်ထမ်းတစ်ဦးက ပြောသည်။
•    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်အဖွဲ့၏ လုံခြုံရေးတာဝန်ခံတစ်ဦး ယနေ့ ဧပြီ ၂၇ ရက်၊ နံနက် ၇ နာရီကျော်ခန့်က လက်ဖက်ရည်သောက်နေစဉ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
•    မြန်မာပြည်အလယ်ပိုင်းက အညာဒေသမှအခြေစိုက်တဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) အတွက် “ အညာမြေဆီ RPG ” ကမ်ပိန်းပြုလုပ်နေကြောင်း တော်လှန်ကျီးကန်းတပ်ဖွဲ့ (The Crows) တာဝန်ရှိသူက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    စစ်ကောင်စီက ထိုင်းအစိုးရနှင့် စစ်တပ်ထံမှ ဝယ်ယူထားသော ဗုံးသီးများအသုံးပြု၍ မြန်မာ ပြည်သူများနှင့်ကျေးရွာများကို လေကြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်နေသည်ကို PDF နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များထံမှ သိရှိရသည်။
•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပံပင်လမ်းခွဲ နှင့် ဘိုက္ကားကျေးရွာအကြား ဒေါင်းတောင်အနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့အကြား ဧပြီ ၂၆ ရက်၊ နံနက် ၆ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အထိ အခိုက်အကျအဆုံးရှိကြောင်း ပူးပေါင်းတိုက်ခဲ့သည့် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
•    ရှမ်းပြည်နယ် နှင့် ကရင်နီ(ကယား) ပြည်နယ် အစပ်ရှိ မိုးဗြဲမြို့တွင် တပ်စွဲထားသော ဧပြီ ၂၆ ရက်၊ နံနက် ၆ နာရီမှ စတင်ပြီး စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၂၀ နီးပါး သေဆုံးပြီး စစ်သား ၂ ဦး အရှင်ဖမ်းမိကြောင်း ကရင်နီတော်လှန်ရေး တပ်ပေါင်း စု သတင်းရင်းမြစ်များထံမှ သိရသည်။
•    အိမ်နီးနားချင်းကောင်း မိတ်ဖက်အဖွဲ့အစည်းအဖြစ် ချင်းကာကွယ်‌ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF-Mindat အတွက် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ဖေးမကူညီမှုများ နှင့် အတူ ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးရပ်တည်ပေးမည်ဟု ဧပြီ ၂၄ ရက်တွင် ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ ရက္ခိုင့်တပ်တော်၏ အာလဖာ (၃) စစ်ဒေသမှ ပေးပို့သော သဝဏ်လွှာတွင် ယင်းကဲ့သို့ ပြောထားသည်။
•    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းနှင့် မြောက်စလုံးကြားရှိ လယ်ခြားကျေးရွာတွင် လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့် အမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၁)က ယမန်နေ့ ဧပြီ ၂၆ ရက်က ထုတ်ပြန်ထားသည်။
•    ရှမ်း - ကရင်နီဒေသအစပ်ရှိ တောင်မဲသင်းကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသည့် ရုပ်သံဖိုင်ကို Karenni Generation Zက အသိပေး ထုတ်ပြန်သည်။
•    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် BGF စခန်းကုန်း တစ်ခုကို ကော်ပရာစစ်ကြောင်း နှင့် ပူးပေါင်း သိမ်းပိုက်ခဲ့သည်ဟု ကျားသစ်နက် စစ်ကြောင်းက ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
•    ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် မြို့နယ်အစပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ် စခန်း ၂ ခုကို ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီခန့်က သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီ
•    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ တွင် တွေ့ဆုံပြီး ဩဝါဒ စကားပြောသည်။
•    စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်အမှတ်တံဆိပ်များ မှတ်ပုံတင်ခြင်းကို ဧပြီ ၂၆ ရက်ကစပြီး တရားဝင်စတင် လက်ခံပြီဖြစ်သည်ဟု ဧပြီ ၂၆ ရက်က နေပြည်တော်တွင် ကုန်အမှတ် တံဆိပ် မှတ်ပုံတင်ခြင်းကို တရားဝင်လက်ခံစည့် အခမ်းအနားတွင် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
•    စစ်ကောင်စီ ရေတပ် နှင့် လေတပ် ဦးဆောင်ပြီး လူငယ် တစ်ထောင့်သုံးရာကျော်ကို ရေကြောင်းလူငယ် နှင့် လေကြောင်းလူငယ်သင်တန်းအဖြစ် နိုင်ငံအနှံ့က စခန်း ၃၀ ဝန်းကျင်တွင် လေ့ကျင့်သင်ကြား ပေးနေပြီး အခြေခံ စစ်ပညာ(လက်နက်မဲ့)ကိုပါ ထည့်သွင်းသင်ကြားသွားမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
•    ပါတီအသစ်တည်ထောင်ခွင့် လျှောက်ထားသည့် ၁၃ ပါတီထဲက ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးရေးပါတီ နှင့် ဒီမိုကရက်တစ်အင်အားစု လေဘာပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဧပြီ၂၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။
•    ပြည်နယ် နှင့် တိုင်းဒေသကြီးအချို့တွင် ဧပြီ ၃၀ ရက်ကနေ မေ ၃ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
•    ပြည်ပတွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက်သစ္စာရှိရှိ ထမ်းဆောင်ကြရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဧပြီ ၂၅ ရက်က ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောသည်။
•    သင်္ကြန်ကာလအပြီး ဧပြီ (၁၉) ရက်မှ စတင်ကာ ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ (၃၀၀) နီးပါးအထိ ရှိလာပြီး ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
•    စစ်ကောင်စီ ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားခံရသည့် ထုတ်လုပ်ရေး နှင့် အနုပညာရှင်၊ အတတ်ပညာရှင် ၇၅၇ ဦး ရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာထားသည်။
•    လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၁၃၃) ခုကို ပြန်လည်ဖြေလျှော့ပေးလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ သိရ သည်။
•    မြန်မာနိုင်ငံတွင် ယခင်က လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားသည့် ကုန်စည်လိုင်း ၃၀၀၀ ကျော်ကို Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်ခွင့်ပြုပေးသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
•    ၂၀၂၂ - ၂၀၂၃ ပညာနှစ်အတွက် အခြေခံပညာအတန်းများဖြစ်သည့် KG အတန်းမှ Grade - 11 အထိ အောင်စာရင်းများကို ယနေ့ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးခဲ့ပြီး စာမေးပွဲဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများ၏ ရာနှုန်းပြည့်နီးပါး အောင်မြင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။
•    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက အခြားလူများ၏ အမည်ခံ၍ လည်း ကောင်း၊ အမျိုးအမည်မတူသော ကုမ္ပဏီများ တည်ထောင်၍ လည်းကောင်း လျှပ်စစ်ကားနှင့် ဆိုလာ လျှပ်စစ်ထုတ် ပစ္စည်းများ အစုလိုက်အပြုံလိုက် တင်သွင်း ရောင်းချ နေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သိရှိချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
•    ရွှေဆိုင်များ၊ ရွှေကုန်သည်များ မီးလင်းရွှေတကျပ်သားလျှင် ကျပ် ၂၉ သိန်းအောက်ဖြင့်သာ အရောင်း အဝယ်ပြုလုပ်သင့်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။
•    ကုသရေးဦးစီးဌာနလက်အောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများ ၊ တိုင်းနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် ဆေးဘက်ဆိုင်ရာသွားတုကျွမ်းကျင်သူများ ခေါ်ယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေး ထုတ်ပြန်ထားသည်။
•    စစ်ကောင်စီ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများမှ လစ်လပ်နေသောရာထူး (၄၇၇)နေရာအတွက် အလုပ်လျှောက်ထားနိုင်ကြောင်း ဧပြီ ၂၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ဧပြီ ၂၇ ရက် သုံးသပ်ချက်
•    အာဏာသိမ်းစစ်တပ်က လူငယ်များကို ရေကြောင်း နှင့် လေကြောင်းသင်တန်းပေးနေပြီး အခြေခံ စစ်ပညာကိုပါ ထည့်သွင်း သင်ကြားပေးနေသည်ကို ကြည့်ပါက နောင်လာမည့် လူငယ်များကို ၎င်းတို့၏ ဝါဒမှိုင်း သွတ်သွင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
•    စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝန်း မီးပုံမှန် မပေးဘဲ လျှပ်စစ်ကား နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ဆိုလာ လျှပ်စစ်ထုတ် ပစ္စည်းများ အကြီးအကျယ် တင်သွင်း ရောင်းချမှုကို ၎င်း၏ သားဖြစ်သူကို လုပ်ပိုင်ခွင့် ပေးထားသည်ကို ကြည့်ပါက စစ်ခေါင်းဆောင် သည် ၎င်းမိသားစု ကိုယ်ကျိုးအတွက်သာ ကြည့်သူဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required