တမူး PDF ထံ အလင်းဝင်ခဲ့သော စစ်ကောင်စီတပ်သား သေနတ် ၄ လက်ယူ၍ ထွက်ပြေး

By ပါခွီး(မဇ္စျိမ)
27 April 2023
တမူး PDF ထံ အလင်းဝင်ခဲ့သော စစ်ကောင်စီတပ်သား သေနတ် ၄ လက်ယူ၍ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ပြည်သူ့ကာကွယ်ရေး(တမူး)ထံ အလင်းဝင်ဟန်ဆောင်လာခဲ့သော စစ်ကောင်စီတပ်သားသည် သေနတ်လေးလက်ယူဆောင်ပြီး စစ်ကောင်စီတပ်ထံ ပြန်လည်ထွက်ပြေး သွားကြောင်း သိရသည်။

အဖ ဦးစန်းဦး၊ အမိ ဒေါ်မိငယ်၏သား တိုးတက်ထွန်း(ခ)နန်းဦး၊ နေရပ်လိပ်စာ ဝန်းသိုဖြစ်ပြီး စစ်မြေပြင် BE တပ်မှဖြစ်ကာ စရအ ၉၁၆ ကိုယ်ပိုင်နံပါတ် တ/၅၂၂၃၉၈၊ မှတ်ပုံတင်နံပါတ် ၅/ဝသန(နိုင်)၀၆၆၈၄၄ ဖြစ်ကြောင်း သိရသည်။

“သူလုပ်သွားတာ ဆုံးရှုံးနစ်နာတာမှန်ပေမဲ့ ကြီးကြီးမားမားဆုံးရှုံးမှုတော့ ဖြစ်မသွားပါဘူး။ ကျနော်တို့ အနေနဲ့ ပိုပြီးတော့ကြိုးစား၊ ပိုသတိရှိဖို့နဲ့ အတွေ့အကြုံသစ်ရတယ်လို့ သဘောထားပါတယ်” ဟု PDF – Tamu တပ်ရင်း(၄)မှ ရဲဘော်ခန့်လင်းက မဇ္စျိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား၏ဇနီးဖြစ်သူ တမူးမြို့ စော်ဘွား(၆)ရပ်ကွက်တွင်နေထိုင်သည့် မအိမြတ်ခင် နှင့် ပထွေး ပျူစောထီးအဖွဲ့ဝင် စိုးမိုးအောင်၊ မိခင် မေစီခိုင်တို့လည်း ထွက်ပြေးသွားကြောင်း ဆိုသည်။

၎င်းတို့လင်မယားသည် ကာကွယ်ရေးတပ်ဖွဲ့များထံနေထိုင်စဉ် စစ်ကောင်စီတပ်မှ လက်နက်၊ ကျည်ဆံနှင့် လက်နက်ကြီးကျည်ဆံများဝယ်ယူပေးမှုအပြင် CDM ဝင်လိုသူများကိုလည်း စီးပွားရေးဆန်ဆန် ငွေကြေး ညှိနှိုင်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းတို့တပ်ဖွဲ့ထံသို့ ပထမဆုံး CDM ဝင်လာသူဖြစ်ပြီး အခြားဝင်ရောက်လာသူများလည်း အခက်အခဲမဖြစ် စေရန်  ခွဲခြားဖိနှိပ်ခြင်းမပြုလုပ်ခဲ့ဘဲ ယုံကြည်မှုပေးကာ ဒုတိယစစ်ကြောင်းမှူးတာဝန်ပေးအပ်ခဲ့ကြောင်း ဆိုသည်။

ဧပြီလ ၂၅ ရက်နေ့က မြို့လမ်းမကြီးပေါ်တွင် တာဝန်ထမ်းဆောင်နေစဉ် လူငယ်များကို ရှေ့ပွိုင့်ထွက်ရန် တာဝန်ပေးကြောင်း လိမ်လည်လှည့်ဖျားပြီး သေနတ်များကိုယူဆောင်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သား ကာကွယ်ရေးတပ်ဖွဲ့ထံနေစဉ် သိရှိခဲ့သော အချက်အလက်များပေါ် မူတည် ပြီး ဆိုးကျိုးများ ဖြစ်ပေါ်မလာစေရန်အတွက် တပ်ဖွဲ့အနေဖြင့် ပြန်လည်ပြင်ဆင်ထားကြောင်း ဆိုသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား လင်မယားသည် တမူးမြို့ စစ်တပ်ကုန်းနှင့် အောက်ကျင်းရပ် ကွက်ရှိ  ပျူစောထီးအဖွဲ့ဝင် ဝတုတ်၏နေအိမ်တွင် ခိုအောင်းနေပြီး သတိကြီးကြီးထားရှိကြရန် လိုအပ် ကြောင်း PDF – Tamu က သတိပေးထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly