လိင်ဖျော်ဖြေရေးပစ္စည်း (sex toys) ကို တရားဝင်ဖြစ်စေမည်ဟု ထိုင်းပါတီတစ်ခု မဲဆွယ်

လိင်ဖျော်ဖြေရေးပစ္စည်း (sex toys) ကို တရားဝင်ဖြစ်စေမည်ဟု ထိုင်းပါတီတစ်ခု မဲဆွယ်

ထိုင်း ကွန်ဆာဗေးတစ်ပါတီတစ်ခုက လိင်ဖျော်ဖြေရေးပစ္စည်း (sex toys) သည် ဘဏ္ဍာဝင်ငွေ၊ အသုံးတည့်မှုနှင့် အကျိုးအမြတ် ရှိသည်ဟု ထောက်ပြလျက် sex toys ကို တရားဝင် ဖြစ်စေမည်ဟု ကတိကဝတ် ပေးရင်း လာမည့်လ ရွေးကောက်ပွဲမတိုင်ခင် မဲပေးသူများကို မဲဆွယ်နိုင်ရေး ကြိုးပမ်းလာလျက် ရှိသည်။

အရှေ့တောင်အာရှတွင် လိင်မှုကိစ္စ၌ အလွတ်လပ်ဆုံး ဖြစ်လာသည့် တစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံသည် နာမည်ထွက်လာလင့်ကစား ဗုဒ္ဓဘာသာ အများစု နိုင်ငံအတွင်း တုန်ခါစက် (vibrators)၊ လိင်အင်္ဂါတု (dildos) နှင့် အခြားသော လိင်ဖျော်ဖြေရေးပစ္စည်းများသည် တရားမဝင်အဖြစ် ရှိနေဆဲ ဖြစ်သည်။

ဘုရင်စနစ် ထောက်ခံသော ဒီမိုကရက်တစ်ပါတီသည် ထိုင်းနိုင်ငံရေး၌ ၁၉၄၀ ခုနှစ်များမှစတင်ကာ အဓိက ပါဝင်သူဖြစ်လာသော်လည်း ၂၀၁၉ ရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးပြီး မေ ၁၄ ရွေးကောက်ပွဲအတွက် ကြိုတင်မဲစစ်တမ်းတွင်လည်း  အားရစရာ မရှိ ဖြစ်နေသည်။

“sex toys တွေဟာ ပြည့်တန်ဆာတွေကို လျော့နည်းကျဆင်းစေသလို ကာမဆန္ဒ မညီမျှမှုကြောင့် ဖြစ်တဲ့ အိမ်ထောင်ကွာရှင်းမှုတွေကိုလည်း နည်းပါးစေတယ်၊ လိင်နဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေကိုလည်း ကျဆင်းစေတာကြောင့် အသုံးတည့်လှတယ်”ဟု ပါတီ၏ ကိုယ်စားလှယ် ရတ်ချာဒါ သန်နာဒီရတ်က တနင်္လာနေ့ ထုတ်ပြန်ချက်၌ ပြောသည်။

လိင်ဖျော်ဖြေရေးပ္စည်းတွေ တရားဝင် တင်သွင်းခွင့်ကနေ အခွန်ကောက်ခံနိုင်တဲ့ အခွင့်အရေးကို အစိုးရက လွဲချော်လျက်ရှိကြောင်းလည်း သူမက ပြောသည်။

ထိုင်းနိုင်ငံအတွင်းက အချို့ အသိုက်အဝန်းများတွင် sex toys များကို “အကျင့်ပျက် လော်လည်မှု” အဖြစ် ထင်မြင်ယူဆကြသော်လည်း sex toys များမှာ ပြည်ပမှနေ၍ ဘုရင့်နိုင်ငံတွင်းသို့ တရားမဝင် အများအပြား စီးဝင်နေကြောင်း ဒီမိုကရက်တစ်ပါတီက ဆိုသည်။

Sex toys ရောင်းချ၍ အပြစ်ပေးခံရလျှင် မည်သူမဆို ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ် အမေရိကန်ဒေါ်လာ ၁,၈၀၀ ဒဏ်ရိုက်ခံရနိုင်သော်လည်း ဘန်ကောက်က နေရာအချို့တွင် လမ်းဘေးဆိုင်များမှပင် sex toys များကို လွတ်လွတ်လပ်လပ် ရရှိနိုင်သည်။

တင်သွင်းလာသော sex toys များကို လက်ရှိ၌ အရည်အသွေး စစ်ဆေးထိန်းချုပ်ခြင်း မရှိသဖြင့် ဘေးကင်းမှု ပြဿနာများ ဖြစ်ပွားရသည်ဟု ရတ်ချာဒါက ပြောသည်။

ပါတီအနေဖြင့် အသက် ၁၈ နှင့်အထက် ပြည်သူများအတွက် sex toys များကို တရားဝင်ဖြစ်စေရန် အားပေးထောက်ခံကြောင်း ဒီမိုကရက်တစ်ပါတီက ပြောသည်။

ဒီမိုကရက်တစ်ပါတီသည် ထိုင်းနိုင်ငံ၌ သက်တမ်းအရှည်ဆုံး ပါတီတစ်ရပ်ဖြစ်ကာ ဝန်ကြီးချုပ် လေးဦးတိုင် တင်မြှောက်ထားပြီး မကြာသေးခင် အဘီစစ် ဝိဇ္ဇာဇီဝသည် ၂၀၀၈ မှ ၂၀၁၁ အထိ အစိုးရကို ဦးဆောင်ခဲ့သည်။

သို့ရာတွင် အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်အိုချာအား ဝန်ကြီးချုပ်ဖြစ်လာစေသော အငြင်းပွားဖွယ် ရွေးကောက်ပွဲ၌ ပါတီ၏ လူကြိုက်များမှုသည် ပြိုဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly