ခရမ်း PDF များကို ဖမ်းဆီးရမိထားပြီး ဆက်စပ်သူများရှိသည်ဟုဆိုကာ စကစတပ်က ပြည်သူများအား ဖမ်းဆီးမှုဆက်တိုက်ပြုလုပ်

By ရောင်နီ ၊ ဂန္ဒမာ
26 April 2023
ခရမ်း PDF များကို ဖမ်းဆီးရမိထားပြီး ဆက်စပ်သူများရှိသည်ဟုဆိုကာ စကစတပ်က ပြည်သူများအား ဖမ်းဆီးမှုဆက်တိုက်ပြုလုပ်

(မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်မှ ခရမ်း PDF များအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ကာ ဆက်စပ်သူများရှိသည်ဟုဆို၍ ပြည်သူများအား ဖမ်းဆီးမှုကို မြို့နယ်တွင်း၌ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

“ အဖွဲ့က ရဲဘော်တွေနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးနေတာပါ။ မတရားဖမ်းဆီးခံရနေရတယ်လို့ပဲ မြင်တယ်။ ပြည်သူတွေတော်တော်များများ ထပ်အဖမ်းခံထားရပါတယ်။ အကြောင်းမဲ့ ဖမ်းဆီးခံရမှာစိုးလို့ တိမ်းရှောင်နေရသူတွေလည်း များပါတယ်” ဟု ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမီးပွားက မဇ္စျိမကို ပြောသည်။

ခရမ်း PDF များ ဖမ်းဆီးခံရသည့်ဖြစ်စဉ်မှာ သန်လျင်မြို့နယ်မှ PDF တစ်ဦးအား ဖမ်းဆီးမိရာမှတစ်ဆင့် မရမ်းကုန်း၊ မုဒိတာအိမ်ယာရှိ ခရမ်း PDF သုံးဦးအားလည်းကောင်း၊ ထို့နောက် ဒေါပုံမြို့နယ်ရှိ ခရမ်း PDF သုံးဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

PDF များအားဖမ်းဆီးသည့်နေ့စွဲများမှာ ဧပြီလ ၁၉ ရက်နေ့နှင့် ၂၂ ရက်နေ့တို့ဖြစ်ပြီး စစ်ကောင်စီတပ်မှ​ ၎င်းတို့ဖမ်းဆီးထားသည့် သတင်းများကို ဖုံးအုပ်ထားကာ ဧပြီလ ၂၅ ရက်နေ့မှသာ ဓာတ်ပုံများနှင့် တကွ သတင်းထုတ်ပြန်မှုများ ရှိခဲ့သည်။

“ ဖမ်းဆီးခံရသူ ခုနစ်ဦးမှာ တစ်ဦးက သန်လျင်ကပါ။ သိမ်းဆည်းခံလိုက်ရတဲ့ လက်နက်တွေရဲ့ ကာလတန်ဖိုးက လက်ရှိိပေါက်စျေးနဲ့ဆို သိန်းလေးထောင်လောက် တန်ကြေးရှိပါတယ်” ဟု PDF Khayan ခေါင်းဆောင်ကိုမီးပွားက ဆက်ပြောသည်။

မရမ်းကုန်း၊ မုဒိတာအိမ်ယာတွင် ခရမ်း PDF များဖမ်းစီးခံရသည့် ဖြစ်စဉ်ကိုလည်း စစ်ကောင်စီတပ်မှ အဆိုပါနေ့ရက်များက သတင်းဖုံးထားကြောင်း သိရသည်။

“ဖြစ်စဉ်က ဟုတ်ပါတယ်။ ရက်စွဲက ၂၂ ရက်နေ့ကဖြစ်သွားတာ။ စစ်ကောင်စီက သတင်းဖုံးနေတာမို့ သူတို့ အိမ်နီးချင်းတွေတောင် ပါးစပ်မဟရဲဘူး။” ဟု သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ခရမ်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF Khayan က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ထိုတိုက်ခိုက်မှု ဖြစ်စဥ် ဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က မြို့နယ်အတွင်း စစ်ဆေးခြင်းများ တင်းကျပ်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ် ခရမ်းချန်နယ်တာ၀န်ရှိသူက ပြောသည်။

“ လ၀က ရုံးတိုက်ခိုက်ခံရပြီးနောက် အဲ့တာနဲ့ ပတ်သက်ပြီး ဖမ်းဆီးနေတာပါ။ ၁၀ ယောက် ကျော်ပါပြီ” ဟု ၎င်းက ပြောသည်။

ခရမ်းမြို့ ရဲစခန်းရှေ့၊ ထွေအုပ်ရုံးရှေ့၊ စျေးကြီးရှေ့နှင့် ဓာတ်တိုင်များတွင်လည်း ပြည်သူ လေးဦး၏ဓာတ်ပုံများကို စာကပ်ထားကာ ဖမ်းဝရမ်းထုတ်ထားမှုများ ရှိနေကြောင်းလည်း ဆိုသည်။

ခရမ်း PDF များအား ဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီတပ်က မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်မှု အနည်းငယ် ဖြေလျော့ပေးခဲ့သော်လည်း အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မြို့နယ်အတွင်း ဘေးတွဲဆိုင်ကယ်စီးနင်းခွင့်ကတော့ ပိတ်ထားတုန်းပဲ။ ခရမ်းတပ်ဖွဲ့က ရဲဘော်တွေဖမ်းဆီးခံရပြီးတဲ့နောက် မြို့ထဲမှာ စစ်တပ်က ကင်းပတ်တာ သိပ်မရှိတော့ဘူး။ အရင်နေ့တွေတုန်းကဆို တစ်နေ့လုံး အသေ ကင်းလှည့်နေကြတာ။ မြို့အ၀င် မြို့အထွက်လည်း ပြန်ဖွင့်ပေးလိုက်ပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို မကြာခဏ ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါ မြို့နယ်များကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးခြင်းများ တင်းကျပ်စွာလုပ်ဆောင်နေပြီး ပြည်သူများအား ဖိနှိပ်မှုများ လုပ်ဆောင်လျက် ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required