ရွှေဘိုမြို့ ချီပါကျေးရွာတွင် စစ်ကောင်စီတပ်သား စနိုက်ပါဖြင့် ပစ်ခတ်ခံရရာ သေဆုံး

By ရောင်နီ (မဇ္စျိမ)
26 April 2023
ရွှေဘိုမြို့ ချီပါကျေးရွာတွင် စစ်ကောင်စီတပ်သား စနိုက်ပါဖြင့် ပစ်ခတ်ခံရရာ သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးရှိ ချိီပါရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက sniper ဖြင့် သွားရောက်ပစ်ခတ်ရာ တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ 

ရွှေဘိုမြို့၊ လေ့ကျင့်ရေးတပ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်အင်အား ၁၀၀ ၀န်းကျင်ခန့်သည်် ဧပြီလ ၁၉ ရက်နေ့တွင် ချီပါကျေးရွာအတွင်း ၀င်ရောက်ကာ စတင်တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။  

ထိုသို့ ကျေးရွာအတွင်း တပ်စွဲကာ ပြည်သူများအား ခြိမ်းခြောက်မှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ၀န်းကျင်အချိန်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။  

“ ချီပါရွာမှာ အထိုင်ချတပ်စွဲနေတာ ငါးရက်လောက်ရှိနေပြီ။ စခန်းချ တပ်စွဲနေတဲ့ အနေအထားပေါ့။ အဲဒီ့ တပ်ကို ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့တွေက စနိုက်ပါ နှစ်လက်နဲ့ သွားရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုမှာ ရွာထဲ အထိုင်ချတပ်စွဲထားတဲ့နေရာအနီးက ဘန်ကာမှာ ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေပါတယ်” ဟု Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

တိုက်ခိုက်မှုတွင် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force၊ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ C&T SHWEBO-LDF၊ MDF SHWEBO နှင့် ရွှေဘိုမြို့နယ် တိုက်နယ်(၂)၊တိုက်နယ်(၅) မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ချီပါကျေးရွာသည် ရွှေဘိုမြို့မှ ၁၀ မိနစ်ခန့်သာ သွားရောက်ရသည့် ကျေးရွာဖြစ်ပြီး  မြို့နှင့် အ၀င်အထွက် လွယ်ကူသည့်အတွက် လာရောက်တပ်စွဲခြင်းဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။  

ထိုသို့ တပ်စွဲထားသည့် ကာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဘုန်းကြီးတစ်ပါးနှင့် ပြည်သူသုံးဦးကို သတ်ဖြတ်သွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က  ဧပြီလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် ချီပါကျေးရွာမှ ရွှေဘိုမြို့အတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ချီပါကျေးရွာအတွင်း စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားခြင်းမျိုး မရှိတော့ဘဲ ရွှေဘိုမြို့အတွင်းမှာပင်  စစ််ဆေးခြင်းနှင့် လုံခြုံရေးတင်းကျပ်မှုများ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly