မြောက်စလုံးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

By 001 (မဇ္စျိမ)
25 April 2023
မြောက်စလုံးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ မြောက်စလုံးကျေးရွာတွင် ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

မြောက်စလုံးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) တပ်ရင်း(၅) အပါအဝင် ကရင်နီပူးပေါင်းတပ်များက ချေမှုန်းရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC )က ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“ခန့်မှန်းကတော့ ၂၀ ကျော်သေတယ်ပြောတယ်။ အခုက စကခ (၂) လက်အောက်ခံဆိုတာက (၂၄၇) နဲ့ (၂၄၈) မိုးနှဲနဲ့ နမ့်ဆမ်ဘက်ကလေ။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး ဟိုပုန်းအရှေ့ဘက်ပေါ့။ အဲ့ဒီဘက်ကနေလာတဲ့ စကစလေ။ အဲ့တာ KNDFတွေ အဲ့ဒီဘက်မှာ လှုပ်ရှားနေတော့ သူတို့ နယ်မြေရှင်းလင်းရင်းနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ကြတာ”ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ခူးညေးရယ်ကပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများတွင် ဒုရင်းမှူးအဆင့်ရှိ အရာရှိတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အကြားရှိ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး​ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများကိုပါ လုပ်ဆောင်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြောက်စလုံးကျေးရွာတွင် ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်မူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၁) တပ်ရင်းမှ ရဲဘော် ဒါးဝီကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေး​ပေ။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required