မန္တလေး‌ မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်ဝယ်သူတရုတ်နှင့် မြန်မာကျောက်ကုန်သည်တို့ ခိုက်ရန်ဖြစ်ပွား

By ၀၀၇(မဇ္ဈိမ)
24 April 2023
မန္တလေး‌ မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်ဝယ်သူတရုတ်နှင့် မြန်မာကျောက်ကုန်သည်တို့ ခိုက်ရန်ဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)တွင် ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ဝယ်ယူသူ တရုတ်နိုင်ငံသားနှင့် မြန်မာကျောက်ကုန်သည် တို့အကြား ကျောက်အရောင်းအ၀ယ်ပျက်ကြရာမှ နှစ်ဘက်ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း ကျောက်သမားများ ထံမှ သိရသည်။

“တရုတ်၀ယ်လက်က စျေးပေးပြီးမ၀ယ်လို့ စကားများကြတယ်၊ အဲဒီမှာ တရုတ်က လက်ပါလိုက်လို့ ရန်ပွဲ ဖြစ်သွားတာ။ တရုတ်က အဆင်ပြေအောင် ပြောဆိုရမယ့်အစား လက်တောင်ပါလိုက်တော့ ပြဿနာထ ဖြစ်ကြတာ” ဟု ရန်ပွဲဖြစ်နေစဉ် ကျောက်ဝိုင်းအတွင်းရှိနေသော  ကျောက်သမားတစ်ဦးက ပြောသည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ၀န်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား ၀ယ် လက်က ကျောက်ဝယ်ယူရန်ဈေးပေးပြီးမှ မယူတော့သည့်အတွက် နှစ်ဘက်အချေအတင် စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်လောကမှ စျေးကိုလျှောက်ပေးလို့မရဘူးဗျ၊ စျေးပေးပြီးရင် တစ်ဘက်လူက ရောင်းမယ်ဆိုရင် ၀ယ်ရတယ်၊ ဒါ စည်းကမ်းပဲ။ အခုက တရုတ်က စျေးပေးပြီး မယူဘူး၊ စကားအချေအတင်ဖြစ်ကြတော့ သူက လက်တောင်ပါလိုက်သေးတယ်။

အဲဒီမှာ နှစ်ဘက်ထချတာလို့ပြောတယ်။ သေနတ်ထုတ်ချိန် တယ် ဆိုတာတော့ မဟုတ်ဘူးလို့လည်းပြန်သိရတယ်”ဟု နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိ ဝါရင့်ကျောက် လောကသားတစ်ဦးက ဆိုသည်။

ခိုက်ရန်မဖြစ်ပွားခင် အချေအတင်နှစ်ဘက်စကားများနေချိန်၌ ကျောက်ဝယ်သူ တရုတ်နိုင်ငံသားက သေနတ်ဖြင့်ချိန်ရွယ်ခဲ့ကြောင်းပြောဆိုနေကြသော်လည်း မဇ္ဈိမအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။

ရန်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်ဖွဲ့၀င်များရောက်လာသဖြင့် လူစုကွဲသွားပြီး လက်ရှိမှာ ပုံမှန်အတိုင်း ကျောက်ရောင်း၀ယ် ဖောက်ကားနေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly